Friday, July 9, 2010

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများသဘောမတွေ့

တအာင်း(ပလောင်)အမျိုးသားပါတီသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအသီးသီးတွင် ပြီးခဲ့သည့် ၆လပိုင်းအတွင်း ၂ဝ၁ဝရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစဉ်များသွားခဲ့ကြောင်း သိရှိရပါသည်။


တအာင်း (ပလောင်)အမျိုးသားပါတီများသည် အဆိုပါစည်းရုံးရေးခရီးစဉ်အတွင်း ကျေးရွာအသီးသီးမှ တာဝန်ရှိလူကြီးများ၊ လူပျိုခေါင်းအပျိုခေါင်းများနှင့် လူပျိုအပျိုများအပြင် တစ်အိမ်တစ်ယောက် မတက်မနေရ ခေါ်ယူကာ ၂ဝ၁ဝရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟောပြောပွဲများပြုလုပ်ခြင်း၊ မဲထည့်နိုင်မည့် လူဦးရေစာရင်းများကောက်ခံခြင်း၊ မဲထည့်နိုင်မည့်သူများကိုခေါ်ယူ၍ ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်သွားသည်ဟု သိရှိရပါသည်။

ရွာသားတစ်ဦးကတော့ “တအာင်းအမျိုးသားပါတီက ကျနော်တို့ဆီမှာ မဲထည့်နိုင်မဲ့သူတွေကို နာမည်စာရင်းကောက်သွားတယ် ပြီးတော့ မဲထည့်နိုင်မယ့်သူ ယောက်တိုင်းကိုဓါတ်ပုံရိုက်သွားတယ်” ဟုပြောပြခဲ့ပါသည်။

ပလောင်ပြည်သူများသည် နအဖ၏ ၂ဝ၁ဝရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးချယ်ရမည့်လမ်းကြောင်းများ မရှိသည့်အတွက်ကြောင့် လက်မခံချင်သော်လည်း လက်ခံကြရပြီး ၄င်းတို့အနေနှင့် တအာင်းအမျိုးသားပါတီ (သို့) ကြံ့ဖွံ့ပါတီ တို့အား မဲမထည့်ဘဲ နေလျှင်လည်း ရွေးကောက်ပွဲသည် ရပ်တန့်သွားခြင်းရှိမည်မဟုတ်ဟု အချင်းချင်းပြောဆိုနေကြပါသည်။ သို့သော် ပလောင်ပြည်သူများ အနေနှင့် တအာင်း(ပလောင်)အမျိုးသားပါတီကိုသာ ထောက်ခံမဲပေးကြရန် တစ်ဦးနှင့်တစ်ဦး ပြောဆိုတိုက်တွန်း နေကြသည်ဟု သိရှိရပါသည်။

“၂ဝ၁ဝရွေးကောက်ပွဲ မကောင်းဘူးဆိုတာကို ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကန့်ကွက်ရင်လည်း အစိုးရက ဒါကိုဖြစ်အောင်လုပ်သွားမှာပဲ။ ကျနော်တို့လဲ ဘယ်တက်နိုင်မလဲ သူတို့က ဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆက်လုပ်သွားမယ် ဆိုတော့ ကျနော်တို့လဲ အခြားရွေးစရာမရှိတော့ဘူး။ တအာင်းပါတီက ကျနော်တို့ တအာင်းလူမျိုးတွေကို ကိုယ်စားပြုတဲ့ပါတီပဲ ဖြစ်တဲ့အတွက် တအာင်းပါတီက မကောင်းဘူးဆိုရင်တောင် အခြားပါတီတွေလောက်တော့ မဆိုးပါဘူးလို့ထင်ပါတယ်။ ပြီးတော့ သူများတွေက ကျနော်တို့ဒေသကို လာအုပ်ချုပ်မယ်ဆိုရင် အခုအခြေအနေထက် ပိုဆိုးလာနိုင်တယ်လို့မြင်ပါတယ်။ အဲ့တော့ ကျနော့်အနေနဲ့ တအာင်းပါတီကိုပဲ မဲထည့်သွားဖို့ဆုံးဖြတ်ထားပါတယ်။ ၂ဝ၁ဝရွေးကောက်ပွဲက ကျနော်တို့ပြည်သူတွေအတွက် အကျိုးမရှိဘူးဆိုတာကိုလည်း ကျနော်တို့ကောင်းကောင်းကြီးနားလည်ပါတယ်”ဟု နမ့်ဆန်မြို့နယ်ရှိ ရွာသားတစ်ဦးမှ ပြောပြသွားပါသည်။

0 comments: