Friday, July 9, 2010

နမ့်ဆန်စီးပွားရေး မကောင်းသည့်အတွက် လူငယ်အများစု မိုးကောင်းတွင် သွားရောက်အလုပ် လုပ်ကိုင်

လက်ဖက်ဈေးနှုန်းများမကောင်းသည့်အပြင် မိုးခေါင်ရေရှားဖြစ်မှုကြောင့် လက်ဖက်အထွက်နှုန်းများမှာလည်း ကျဆင်းနေပြီး အလုပ်အကိုင်များလည်း ရှားပါးကာ စီးပွားရေးအခြေအနေ မကောင်းသည့်အတွက်ကြောင့် နမ့်ဆန်မြို့နယ်မှ လူငယ်အများစုမှာ မိုးကောင်းမြို့နယ်တွင်သွားရောက်ကာ အလုပ် လုပ်ကိုင်နေကြရပါသည်။


ယခုနှစ်တွင် လက်ဖက်ဈေးနှုန်းများမကောင်းသည့်အပြင် မိုးခေါင်ရေရှားဖြစ်မှုကြောင့် လက်ဖက်အထွက်နှုန်းများမှာလည်း ကျဆင်းနေပြီး အလုပ်အကိုင်များလည်း ရှားပါးနေပါသည်။ ထို့ကြောင့် လက်ဖက်လုပ်ငန်းကိုသာ အဓိကအားထားနေရသော ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်ရှိ လက်ဖက်တောင်သူများမှာ စီးပွားရေးမကောင်းသည့်အတွက် ရွှေဖီဦးချိန်ပြီးသည့် (ဧပြီလ)နောက်ပိုင်းတွင် စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ရန် မိုးကောင်းမြို့နယ်သို့သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြရသည်ဟု သိရှိရပါသည်။ အမျိုးသားများမှာ ကျောက်တူးသည့်အလုပ်နှင့် ကားမောင်သော အလုပ်တို့ကိုလုပ်ကြပြီး အမျိုးသမီးများ ထမင်းဟင်းချက်ကြပါသည်။ ကျောက်တူးသမားများသည် ပုံမှန်လစာမရှိဘဲ ကားမောင်သောသူများမှာမူ တစ်လလျှင် အနည်းဆုံး ကျပ်ငွေတစ်သိန်းမှ နှစ်သိန်းအထိ ရရှိကြပါသည်။ ထမင်းဟင်းချက်သည့် အမျိုးသမီးများမှာလည်း တစ်လလျှင် ကျပ်ငွေတစ်သိန်းမှ တစ်သိန်းခွဲအထိ ရရှိကြသည်ဟု သိရှိပါသည်။

နမ့်ဆန်မြို့နယ်ရှိ လူငယ်များသည် မိုးကောင်းတွင်သွားရောက် အလုပ်လုပ်ကိုင်သည့်အပြင် အခြားဒေသရှိ ဘိန်းခြံများတွင်လည်း သွားရောက် အလုပ်လုပ်ကိုင်ကြသောကြောင့် ရပ်ရွာထဲတွင် လူငယ်များမရှိသလောက် ဖြစ်နေပါသည်။ အလုပ်ကောင်းကောင်းရသော်လည်း အချို့သောအမျိုးသားများသည် ရရှိသောလုပ်အားခများကို မူးယစ်ဆေးဝါးအတွက်သာ အသုံးပြုနေကြပြီး စုဆောင်းထားနိုင် ခြင်းမရှိဟု သိရှိရပါသည်။

“ကျမတို့ရွာမှာလေ လူငယ်တွေ မရှိသလောက်ဖြစ်နေတယ်။ ရွာမှာဆိုရင် ခြောက်ကပ်နေတာပဲ။ ရွှေဖီချိန်တုန်းက လက်ဖက်ဈေးလည်းမကောင်း လူငယ်တွေကလည်း ရွာမှာအလုပ်သိပ်မရှိတော့ မိုးကောင်းမှာသွားပြီး အလုပ်လုပ်ကြတာပေါ့။ မိုးကောင်းမှာတော့ လူငယ်တွေအတွက် အလုပ်ဖြစ်တယ်လေ။ ယောက်ျားလေးတွေကတော့ ကျောက်တူးတယ်၊ ကားမောင်းတယ်။ မိန်းကလေးတွေဆိုရင် ထမင်းဟင်းချက်တယ်။ ကားမောင်းတာဆိုရင် တစ်လကို တစ်သိန်းကနေ နှစ်သိန်းအထိရတယ်။ ထမင်းဟင်းချက်တဲ့ မိန်းကလေးတွေကတော့ တစ်သိန်းကျော်ကျော်ရတယ်လေ။ ဒါပေမယ့် ယောက်ျားတွေက ရတဲ့ပိုက်ဆံတွေ မစုဆောင်းမိပါဘူး။ မိုးကောင်းမှာ မူးယစ်ဆေးဝါးပေါတော့ ရတဲ့ပိုက်ဆံကို အဲအတွက်ပဲသုံးတယ်။ မိန်းကလေးတွေတော့ ပိုက်ဆံစုဆောင်းမိကြတယ်။ မိုးကောင်းမှာ အလုပ်ဖြစ်တယ်” ဟု ရွာသားတစ်ဦး ပြောပြချက်အရ သိရှိရပါသည်။

0 comments: