Wednesday, July 14, 2010

ရှမ်းပြည်မြောက်ပိုင်းတွင် မိုးရာသီအတွင်း လမ်းပမ်းဆက်သွယ်ရေး ခက်ခဲ

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ နမ့်ခမ်းမြို့နယ် နှင့် မန်တုန်မြို့နယ်များတွင် မိုးတွင်းချိန်၌ လမ်းများပျက်စီးကာ ရွံ့ဗွက်များအလွန် ပေါများသည့်အတွက် ကား၊ ဆိုင်ကယ်များ သွားသည့်အခါတွင် အဆင်ချောမြေ့မှုမရှိပဲ လွန်စွာခက်ခဲလှသည်ဟု သိရှိရပါသည်။


အဆိုပါမြို့နယ်များတွင် နအဖမှနေ၍ ယခုနှစ် နှစ်ဦးပိုင်း၌ မြို့နှင့်နီးသော ကားလမ်းတလျှောက် ကျောက်ခဲများခင်းပြီး ပြုပြင်ပေးပါသည်။ သို့သော် လမ်းများပြုပြင်ရာတွင် လမ်းဘေးနှင့်နီးသော လက်ဖက်ခြံများကို ခုတ်ထွင်ရှင်းလင်းပစ်ကာ လက်ဖက်ခြံပိုင်ရှင်များကို လျှော်ကြေးတစ်ပြားတစ်ချပ်မှ ပြန်လည်ပေးခြင်းမရှိပေ။ ထိုသို့လမ်းပြင်သည့် အခါတိုင်းတွင် လမ်းဘေးရှိလက်ဖက်ခြံများကို ခုတ်ပစ်သည့်အတွက် လက်ဖက်ခြံပိုင်ရှင်းများအနေနှင့် လွန်စွာစိတ် ပျက်ရပါသည်။

အဆိုပါ ပြင်ထားသော လမ်းများသည် နွေရာသီ၌သာ သွားလာရအဆင်ပြေပြီး မိုးရာသီတွင်မူ အဆင်ပြေချော မွေ့မှုမရှိဟု သိရှိရပါသည်။ ထို့ပြင် တာဝန်ရှိသူများအနေနှင့် အချို့နေရာများတွင် လုပ်ဆောင်ပေးခြင်းမရှိသည့်အတွက် ပြည်သူလူထုများမှ ကိုယ့်ထုကိုယ်ထစနစ်ဖြင့် ပြုလုပ်ကြရသည်ဟု သိရှိရပါသည်။

လမ်းများပြုပြင်သည့်အခါတွင်လည်း လမ်းများကို ကောင်းကောင်းမွန်မွန်ပြုပြင်ခြင်းမျိုးမဟုတ်ပဲ ဘန်းပြပြင်ဆင်ရုံလောက်သာဖြစ်ပြီး ကျောက်ခဲများ သဲများဖြင့် ခင်းရုံခင်းထားခြင်းဖြစ်သည့်အတွက် မိုးရွာသောအချိန်တွင် ပြန်လည်ပျက်စီးကာ ယခင်အထက်ပင် သွားလာရခက်ခဲသွားသည်ဟု သိရှိရပါသည်။

0 comments: