Sunday, July 25, 2010

မိမိတို့ပိုက်ဆံများ စိုက်ထုပ်နေရသသည့်အတွက် ရွေးကောက်ပွဲကော်မရှင်များ စိတ်ပျက်

မန်တုန်မြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များသည် အစည်းအဝေးများပြုလုပ်သည့်အခါတိုင်း အစည်းအဝေးကုန် ကျစာရိတ်များကို ကော်မတီမှ ချမပေးသည့်အတွက် အမြဲတမ်းလိုလို မိမိတို့အိတ်ထဲမှသာ စိုက်ထုပ်နေရသောကြောင့် အလွန်အမင်းစိတ်ပျက်နေကြကြောင်း သိရှိရပါသည်။


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုန်မြို့နယ်တွင် (နအဖ)မှဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်များ ရှိပါသည်။ အဆိုပါ ကော်မရှင်အဖွဲ့ဝင်များသည် အစည်းအဝေးပြုလုပ်သည့်အခါတွင် ကော်မရှင်တာဝန်ခံမှ ပိုက်ဆံထုတ်ပေးခြင်းမရှိသည့်အတွက် လိုအပ်သော အစည်းအဝေးစရိတ်၊ လမ်းခရီးစရိတ်နှင့် အစားသောက်စရိတ်တို့ကို မိမိတို့ဘာသာ စိုက်ထုပ်နေရသည်ဟု သိရှိရပါသည်။ ကော်မရှင်တာဝန်ခံများကို တောင်းဆိုသည့်အခါတွင်လည်း ထုပ်ပေးခြင်းမရှိပဲ စာရင်းထဲ၌သာ မှတ်ထားခိုင်းပါသည်။

“ကျနော် မန်တုန်မြို့နယ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးပါ။ ကော်မရှင်အဖွဲ့ဝင်ဖြစ်ရတာ အရမ်းကိုစိတ်ညစ်စရာ ကောင်းပြီး စိတ်လည်းပျက်မိပါတယ်။ ဒီထဲမှာ မပါချင်လည်း သူတို့ကရွေးချယ်ထားတော့ မပါလို့မရဘူး။ စိတ်ညစ်ဖို့ ကောင်းတာကတော့ ကော်မရှင်အစည်းအဝေးရှိလို့ အစည်းအဝေးသွားတိုင်း ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်သွားရတယ်၊ ထမင်းဖိုးလည်း ကိုယ့်ဘာသာကိုယ် အကုန်အကျခံရတယ်။ တာဝန်ခံတွေကို တင်ပြတယ်ဆိုရင်လည်း ခင်များတို့ပဲအရင်စိုက်ထားပြီး စာရင်းမှတ်ထား နောက်မှ ကျနော်တို့ စာရင်းပြန်ရှင်းပေးမယ်ဆိုပြီး ပြောတယ်။ အစည်းအဝေးလုပ်တိုင်း ကျနော်တို့အိတ်ထဲကနေပဲ စိုက်နေရတယ်ဆိုတော့ ရေရှည်ဆိုရင် မလွယ်ဘူး။ တချို့လူတွေက ကျနော်တို့လုပ်ချင်နေတယ်လို့ ထင်နေကြတယ်။ လုပ်တာက ကိုယ့်အတွက် ဘာအကျိုးမှမရှိတဲ့အပြင် သူများအကျိုးဆောင် ကိုယ်အကျိုးပြောင်ဆိုသလိုမျိုး ဖြစ်နေပြီ”ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးမှ ပြောပြခဲ့ပါသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်များ၏ လုပ်ပိုင်ခွင့်များကို အပ်နှင်းထားသော်လည်း နောက်ကွယ်တွင်မူ (နအဖ)မှ ကြိုးကိုင်နေကြောင်း သိရှိရပါသည်။

Saturday, July 24, 2010

နမ့်ခမ်းမြို့တွင် ဆိုင်ကယ်ဘီးလိမ့်ခွန်များ ကောက်ခံ

နမ့်ခမ်းမြို့၊ မန့်နားရပ်ကွက်တွင် ဆိုင်ကယ်ဘီးလိမ့်ခွန်များကို ဆိုင်ကယ်တစ်စီးလျှင် သုံးထောင်ကျပ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံကောက်ခံနေပြီး ကောက်ခံနေစဉ် မပေးဆောင်နိုင်ပါက စည်ပင်ရုံးတွင် ကျပ်ငွေတစ်သောင်း ပေးဆောင်ရသည်ဟု သိရှိရပါသည်။


“ဘီးလိမ့်ခွန်ကို အိမ်မှာလာကောက်တဲ့အချိန် မဆောင်ဘူးဆိုရင်တော့ စည်ပင်ရုံးကို ကျပ်ငွေတစ်သောင်းပေးဆောင်ရမယ်” ဟု စည်ပင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုင်းမြတ်မှ ပြောသွားပါသည်။

ပုံမှန်အားဖြင့် သတ်မှတ်ရက်လွန်ပါက ဒဏ်ငွေပေးရသည်မှာ မှန်သော်လည်း ယခုအခါတွင်မူ သတ်မှတ်ရက် လွန်သည်ဖြစ်စေ မလွန်သည်ဖြစ်စေ အိမ်မှာလာကောက်ခံစဉ် မပေးဆောင်ဘဲ စည်ပင်ရုံးတွင် သွားရောက်ပေးဆောင်မည်ဆိုပါက တစ်သောင်းပေးရ မည်ဖြစ်သည်။ ဘာကြောင့်ယခုကဲ့သို့ ပေးဆောင်ရမှန်းကိုမူ မသိရှိရပေ။

ဘီးလိမ့်ခွန် နှစ်ခါဆောင်ခဲ့ရသူ နယ်မြေခံတစ်ဦးကတော့ “ဇူလိုင်လ ၇ ရက်နေ့တုန်းက စည်ပင်ရုံးကိုသွားပြီး ဘီးလိမ့်ခွန် သုံးထောင်သွားဆောင် ထားပြီးပြီ။ ဒါပေမယ့် ဇူလိုင်လ၂၅ရက်နေ့မှာ စည်ပင်အဖွဲ့က ကျနော်အိမ်မှာ အခွန်မဆောင်ရသေးဘူးဆိုပြီး လာထပ်တောင်းတယ်။ ကျနော်က စည်ပင်ရုံးမှာ သွားဆောင်ထားပြီးပြီလိုပြောတော့ စည်ပင်အဖွဲ့ဖြစ်တဲ့ ဦးအိုက်ကျော်က အခွန်ဆောင်ပြီးလျှင် ဘီးလိမ့်ခွန်ကဒ်ပေးတယ်၊ ခင်ဗျားက မဆောင်သေးလို့ ကဒ်မရှိတာပေါ့၊ ဒါကြောင့် ကျနော်တို့ လာရောက်ကောက် တာလို့ပြောတယ်။ ဒါနဲ့ ကျနော် နောက်ထပ် သုံးထောင် ထပ်ပေးလိုက်ရတယ်”ဟု ပြောခဲ့ပါသည်။

Monday, July 19, 2010

သစ်တောဌာနမှ ကျေ:ရွာပိုင်သစ်တောများကို တိုင်းတာမှုပြုနေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ဦးတင်တင်ဝင်းဇော်နှင့်တပည့်တပ်သားကျော်သိန်း
တို့ ၏ ဦးဆောင်မှုဖြင့် ဇူလိုင် ၇ ရက်နေ့ မှ ၁၂ ရက်နေ့ အထိ နမ့်ခမ်းမြို့ နယ်ရှိ အွယ်လောကျေးရွာအုပ်စုနှင့် ကောင်းဝိုင်း
ကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူပိုင်ဖြစ်သည့် သစ်တောများကို တိုင်းတာမှုများပြုလုပ်သွားခဲ့သည်။

ထိုအကြောင်းအရာကို ရွာသားတစ်ဦးက“ သူတို့ က တိုင်းတာတဲ့ပစ္စည်းကရိယာတွေနဲ့ သုံးပြီး လွယ်လောမ်၊ ကောင်းဝိုင်း၊
မန်ကန်၊ မန်ကောင်း၊ မန်စပ်ကျေးရွာတစ်လျှောက် ဒေသခံပြည်သူတွေပိုင်တဲ့ တောတွေထဲကိုသူတို့ တိုင်းတာသွားတယ်။
ဒါပေမဲ့ ဘာအတွက်တိုင်းတယ်ဆိုတာတော့ သူတို့ မပြောဘူး။ မေးလို့ လည်းမရဘူး။ ရွာ ဥက္ကဌကိုပဲခေါ်ပြီး မြေတိုင်းမဲ့
အကြောင်းနဲ့ အိပ်ဖို့ နေရာစီစဉ်ထားပါလို့ ဘဲ ပြောသွားတယ်”ဟု ပြောပြသည်။

လွယ်လောမ် ရွာသားတစ်ဦးကလည်း “သူတို့ဘာအတွက်လုပ်မယ်ဆိုတာကို ကျနော်တို့ မသိရတော့
စိုးရိမ်ရတာပေါ့နော်။သူတို့ တိုင်းတာသွားတဲ့ တောခင်းတွေဆိုရင် ရွာကလူတွေမိသားစုရှေ့ရေးအတွက်ဆိုပြီး
မခုတ်ရဲသေးဘဲ ချန်ထားတဲ့ သစ်တောကြီးဖြစ်တဲ့အခါကျတော့ အခုဆိုရင်ရွာသားတွေက ခုတ်ယူပြီးကိုယ့်အိမ်ကို
သယ်ပြန်ကြတာပါပဲ။ ဘာဖြစ်လဲဆိုတော့ တကယ်လို့ သူတို့ စီမံကိန်း တစ်ခုခုလုပ်တာဖြစ်မယ်ဆိုရင် သူတို့ ဒီသစ်ပင်
တွေကို ခုတ်မှာဘဲလေ။ အခုတော့ သစ်တောများကို ရှေ့ဘက်ကိုပဲ တိုင်းသွားတယ်။ အကျယ်တော့ တိတိကျကျ
တိုင်းတာမတွေ့ ဘူး။ ကျနော်ထင်တာကတော့ သူတို့ စီမံကိန်းတစ်ခုခုအဖြစ် လာတိုင်းတာသွားတယ်လို့ ဘဲ
ထင်ပါတယ်” ဟု ပြောပြသည်။

ယခင်က ရွှေလီရေကာတာစီမံကိန်းကြောင့် ရွှေလီရေကာတာအနီးနားတစ်ဝိုက်တွင်ရှိသော ကျေးရွာပြည်သူများ၏
လယ်မြေများနှင့် အသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုအားထားနေသော ရွှေလီမြစ်ကို ပိတ်ပြီး ရေကာတာတည်ဆောက်ခဲ့
သည့်အပြင် စီမံကိန်းဖြစ်မြောက်ရေးအတွက် လုပ်အားပေးခိုင်းစေခြင်းကိုလည်း မကြာခဏကြုံတွေ့ ရပြီး ယခုလို
ရွာပိုင်သစ်တောနှင့် နယ်မြေတွေ တိုင်းတာမှုရှိခြင်းသည် စီမံကိန်းတစ်ခု ထပ်တိုးလာမည်ကို အလွန်ပင်စိုးရိမ်နေရသည်။

အဆိုပါတိုင်းတာမှုနှင့် ပတ်သတ်၍် သစ်တောတာဝန်ခံမှ တစ်စုံတရာပြောပြခြင်းမရှိသော်လည်း ရွာသားအများစုက
တရုတ်ကိုရောင်းချပေးမည့် ဂစ်ပိုက်လိုင်းကဲ့သို့ ဖြစ်သောအစိုးရ စီမံကိန်းတစ်ခုခုအတွက် ပြင်ဆင်ခြင်းဖြစ်နိုင်သည်ဟု
ပြောပြသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၀၈၀ ၁၁၈ ၄၄၇၉

မန်တုံ ဒေသအတွင်း TNP စည်းရုံးရေးမှူးများ ကန့်သတ်ခြင်းခံနေရ

တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) စည်းရုံးရေးမှူးများက ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ မယက ဥက္ကဌ
ဦးကျော်ဇင်၏ ကန့် သတ်မိန့် ကြောင့် ဒေသခံပြည်သူများထံမှပါတီအဖွဲ့ ဝင်များ ထောက်ခံမဲ ရရှိရန်အတွက်
စည်းရုံးရေးဆင်းရာတွင် အဟန့် အတားရှိနေသည်ဟု အမည်မဖေါ်လိုသူ စည်းရုံးရေးမှူး တစ်ဦးက ပြောပြသည်။

၎င်းစည်းရုံးရေးမှူးက “ ၇ ရက်နေ့  ဇူလိုင်လမှာ မယက ဥက္ကဌ က မင်းတို့ စည်းရုံးရေးဆင်းချင်ရင် မယကရုံးကို
(၇) ရက် ကြိုတင်ပြီး အကြောင်းကြားရမယ်ဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့အတွက်ကြောင့် အဲဒီမတိုင်ခင် စည်းရုံးရေး
ဆင်းနေတဲ့ ပါတီဝင်တွေက ဆက်သွားရမလို၊ နောက်ဆုတ်ပေးရမလိုဖြစ်နေတယ်။ နောက်ထပ် ဆက်ဆင်းရမဲ့သူတွေ
လည်း ကိုယ်ဘယ်လိုသွားပြီးစည်းရုံးမလဲ ရွာသားတွေဆီကိုဘာတွေသွားပြောမလဲဆိုတဲ့ အချက်လက်နဲ့ 
အစီအစဉ်တကျရေးပေးရမယ်ဆိုတော့ ကျတော်တို့ က စိုးရိမ်နေကြတယ်”

“ အခုဟာက ရွေးကောက်ပွဲကော်မရှင်ကထုတ်တာလည်း မဟုတ်ဘူးလေ။ ပြီးတော့(၇) ရက်ကြိုတင်ပြီး
အကြောင်းကြားရမယ်ဆိုတဲ့အမိန့် ကလည်း ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီတွေအပေါ်တော့ ဘာမှ မသက်ရောက်သလို
ဖြစ်နေတယ်။ ကြံ့ခိုင်ရေးပါတီတွေက ပြီးခဲ့တဲ့ (၆)လပိုင်းကတည်းက စည်းရုံးရေးဆင်းနေတယ်။ အခုလည်း
သူတို့ မိုင်းမော်ရွာ (နမ့်ဟိုင်း) ဘက်ဆင်းနေတာဘဲ။ သူတို့ ကျတော့ မယက ရုံးကို အကြောင်းကြားစရာ မလိုဘူးတဲ့ဗျာ
ကျနော်တို့က အမိန့်မထုတ်ခင် (၁)ရက်(၂)ရက် ဆင်းနေတဲ့ ပါတီအဖွဲ့ ဝင်တွေကိုပြန် ခေါ်ရမလိုလို ဆက်ပြီးစည်းရုံးရေး
ထပ်ဆင်းခိုင်းရမလိုလို ပါတီအဖွဲ့ ဝင်တွေ တစ်ခုခုဖြစ်မှာ လည်းစိုးရိမ် နေကြတယ်” သူကဆက်ပြော သည်။

မန်တုံမြို့ နယ်အတွင်းရှိ ကျေးရွာများနေပြည်သူများအကြား ကြံ့ခိုင်ရေးပါတီဝင်များ မည်သူ့ ထောက်ခံချက်နှင့်
ခွင့်ပြုချက်မှ ယူစရာမလိုဘဲ လွတ်လွတ်လပ်လပ် စည်းရုံးရေးဆင်းခွင့်ရနေပြီး အဘယ် ကြောင့် တအာင်း(ပလောင်)
အမျိုးသားပါတီ (TNP) နှင့် အခြားပါတီများက စည်းရုံးရေးဆင်းရာတွင်ဟောပြောမည့် အချက်အလက်များကို
မယကရုံးသို့ ရေးပေးရသလဲဟု တချို့ ဒေသခံများ ဝေဖန်းသုံးသပ်မှု များရှိနေ သည်ဟု သိရသည်။

မယက ဥက္ကဌ ဦးကျော်ဇင် ထုတ်ပြန်လိုက်သည့်အမိန့် အရ စည်းရုံးရေးဆင်းမည်ဆိုပါက(၇) ရက် ကြိုတင်
အကြောင်းကြားရမည်ဟူသောအမိန့် သည် မိမိတို့ ပါတီနှင့် အခြားပါတီပါ ဟန့် တားမှုဖြစ် စေသည့်သည့်အပြင်
တရားမျှတမှုလည်းမရှိ ရွေးကောက်ပွဲဥပဒေနှင့်လည်းမဆိုင် ကြံ့ခိုင်ရေးပါတီကို ကာကွယ်ပေးသည့်အမိန့် 
သာဖြစ်သည်ဟုTNP ပါတီအဖွဲ့ ဝင်များက ဝေဖန်ပြောဆိုမှုရှိနေကြောင်း သိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၀၈၀၁၁၈၄၄၇၉
၀၈၂၈၈၇၈၄၄၃

Thursday, July 15, 2010

Border people paying high for homegrown electricity

People in Shan State North’s Muse and Namkham townships, opposite China’s Ruili, are still required to pay high for electricity fees even though it is produced locally, according to local residents.
People are complaining that they are still being asked to pay the same price as when they were using electricity from China even though they are now buying it from local hydropower plant called Shweli, in Namkham township, according to a source from the border.
Shweli Hydropower plant, photo: SHAN
Previously, people in the areas were using Chinese electricity. Every house was ordered to change and use electricity from the local plant since April 2010.

But the electricity is reported irregular and the fee costs very high for per unit, said another villager in Muse.

One unit is between Yuan 1.4-1.6 (Kyat 300, $ 0.31). “But the electricity is not 24 hours as it was from China. Since we began to use Burmese electricity we are not getting it regularly. Some days we did not get any electricity.”

People in Muse and Namkham townships had been using electricity from China side since 1989.

On other hand, another problem was meter boxes because the machine was unable to read the measurement of units, said a source.

“The people don’t know how much the fees really cost. They therefore have to pay just what the authorities say.”

People in Burma are rarely to get regular electricity even though the country is the producer of electricity through dozens of its hydropower plants. The electricity is mostly being sold to its neighboring countries such as Thailand and China.

Shweli #1 is exporting most of its power to China. It is located near Mantat village, 17 miles southwest of Namkham, inaugurated in May 2006.

USDP အဖွဲ့ ဝင်များ ပါတီ မဲရရှိရန် TNP ပါတီနာမည် အလွဲသုံးစားပြုပြီး စည်းရုံးရေးဆင်း

၁၅၊ဇွန်လိုင်လ၊၂၀၁၀ ခုနှစ်
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ရှိ USDP ပါတီအဖွဲ့ ဝင်များက ပါတီမဲရရှိရေးအတွက် တအာင်း(ပလောင်)
လူကြီးများ၏ နာမည်ကို အလွဲသုံးစားပြုပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် မိုင်းမော်ဘက်သို့ မဲဆွယ် စည်းရုံးရေးဆင်း
နေသည်ဟု စည်းရုံးခြင်းခံရသော ဒေသခံရွာသားတစ်ဦးထံမှ သိရသည်။

“သူတို့ပြောတာက အထက်က ပလောင်လူကြီးတွေ ခိုင်းတယ်လို့ပြောတယ် ဒါကြောင့်ရွာကလူတွေ တအာင်းအမျိုးသား
ပါတီ(TNP)က ခေါင်းဆောင်တွေထင်နေကြပြီး အဖွဲ့ဝင် နာမည်စာရင်းတွေပေးတယ် တချို့လူတွေ ဓါတ်ပုံရိုက် ၊
ဖောင်တွေ တိတ်တဆိတ်နဲ့ ဖြည့်ခိုင်းတာမျိုးလည်းရှိတယ်”ဟု ရွာခံတစ်ဥိးကပြောပြသည်။

၎င်း USDP ပါတီအဖွဲ့ ဝင်များသည် ဇွန်လ ၂၁ ရက်နေ့ တွင် ထောက်ခံမဲများရရှိရန်အတွက် မန်တုံမြို့ရှိ တအာင်း
(ပလောင်)ရွာများဖြစ်သည့် ဟိုလင်းအုပ်စု၊ ခိုမုန်းအုပ်စု၊ နားအော်ကြီးအုပ်စု၊ ကျယ်ကောင်အုပ်စု၊ ဆိုင်းလိန်အုပ်စု
စသည့်အုပ်စုတွင်းမှ ကျေးရွာပြည်သူများထံ ပလောင်လူကြီးများ၏ ခိုင်းစေခြင်းဖြစ်ကြောင်းဟု လိမ်လည်ပြီး
မဲဆွယ်စည်းရုံးရင်း ပါတီအသင်းဝင် လက်မှတ်ပါ ထိုးခိုင်းသည်ဟု ဒေသခံရွာသားများမှ သိရသည်။

စည်းရုံးခြင်းခံရသည့် ခိုမုန်းရွာသားတစ်ဦးက “ ကျတော်တို့ က မသိကြဘူးလေ သူတို့ လက်မှတ်တွေထိုးခိုင်းတယ်
ပလောင်လူကြီးတွေခိုင်းတယ်လို့ ပြောတော့ ရွာကလူတွေ လက်မှတ်ထိုးပေးတာပါပဲ ရွာက လူတစ်ဝက် ကျော်ကျော်
လောက်ဆိုရင် စာမဖတ်တတ်တဲ့လူတွေပဲ သူတို့ ပါတီကို မဲပေးတာဖြစ်တယ်လို့ မှ မသိကြတာ”

အဆိုပါအကြောင်းအရာနှင့်အလားတူ ဆိုင်လိန်ရွာတွင်အခြေအတင်ဖြစ်နေသည်ကို တွေ့ရှိခဲ့သော ဆိုင်လိန်ရွာသား
တစ်ဦးက “ ၂၁ ရက် ဇွန်လ မှာ ဆိုင်းလိန်ရွာ ဥက္ကဌနဲ့ အဲဒီကြံ့ဖွံ့ပါတီအဖွဲ့ တွေက ပြဿနာဖြစ်တယ်
ဘာကြောင်ဆိုတော့ သူတို့က ပလောင်လူကြီး နာမည်တွေအလွဲသုံးစားလုပ်ပြီး နာမည်စာရင်းတွေ ကောက်ထားတယ်
နောက်နေ့မှ ဓာတ်ပုံဆရာလွတ်ပြီး ဖောင်ဖြည့်ဖို့ ဓါတ်ပုံရိုက်က်မယ်ပေါ့ အဲ့ဒီမှာ ဥက္ကဌက ဘာအတွက်လည်းမေးတော့
ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ဖို့ မနေ့က နာမည်စာရင်းပေးထားတဲ့သူတွေကို ပုံလာရိုက်တာ လို့ပြောတယ်”

“ အဲ့ဒီမှာ ဥက္ကဌက မင်းတို့ ကြံ့ခိုင်ရေးဆိုရင် ငါတို့ အဖွဲ့ဝင်မလုပ်ဘူး ပုံလည်းမရိုက်နိုင်ဘူးလို့ ပြောလိုက်တယ် မင်းတို့

Wednesday, July 14, 2010

ရှမ်းပြည်မြောက်ပိုင်းတွင် မိုးရာသီအတွင်း လမ်းပမ်းဆက်သွယ်ရေး ခက်ခဲ

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ နမ့်ခမ်းမြို့နယ် နှင့် မန်တုန်မြို့နယ်များတွင် မိုးတွင်းချိန်၌ လမ်းများပျက်စီးကာ ရွံ့ဗွက်များအလွန် ပေါများသည့်အတွက် ကား၊ ဆိုင်ကယ်များ သွားသည့်အခါတွင် အဆင်ချောမြေ့မှုမရှိပဲ လွန်စွာခက်ခဲလှသည်ဟု သိရှိရပါသည်။


အဆိုပါမြို့နယ်များတွင် နအဖမှနေ၍ ယခုနှစ် နှစ်ဦးပိုင်း၌ မြို့နှင့်နီးသော ကားလမ်းတလျှောက် ကျောက်ခဲများခင်းပြီး ပြုပြင်ပေးပါသည်။ သို့သော် လမ်းများပြုပြင်ရာတွင် လမ်းဘေးနှင့်နီးသော လက်ဖက်ခြံများကို ခုတ်ထွင်ရှင်းလင်းပစ်ကာ လက်ဖက်ခြံပိုင်ရှင်များကို လျှော်ကြေးတစ်ပြားတစ်ချပ်မှ ပြန်လည်ပေးခြင်းမရှိပေ။ ထိုသို့လမ်းပြင်သည့် အခါတိုင်းတွင် လမ်းဘေးရှိလက်ဖက်ခြံများကို ခုတ်ပစ်သည့်အတွက် လက်ဖက်ခြံပိုင်ရှင်းများအနေနှင့် လွန်စွာစိတ် ပျက်ရပါသည်။

အဆိုပါ ပြင်ထားသော လမ်းများသည် နွေရာသီ၌သာ သွားလာရအဆင်ပြေပြီး မိုးရာသီတွင်မူ အဆင်ပြေချော မွေ့မှုမရှိဟု သိရှိရပါသည်။ ထို့ပြင် တာဝန်ရှိသူများအနေနှင့် အချို့နေရာများတွင် လုပ်ဆောင်ပေးခြင်းမရှိသည့်အတွက် ပြည်သူလူထုများမှ ကိုယ့်ထုကိုယ်ထစနစ်ဖြင့် ပြုလုပ်ကြရသည်ဟု သိရှိရပါသည်။

လမ်းများပြုပြင်သည့်အခါတွင်လည်း လမ်းများကို ကောင်းကောင်းမွန်မွန်ပြုပြင်ခြင်းမျိုးမဟုတ်ပဲ ဘန်းပြပြင်ဆင်ရုံလောက်သာဖြစ်ပြီး ကျောက်ခဲများ သဲများဖြင့် ခင်းရုံခင်းထားခြင်းဖြစ်သည့်အတွက် မိုးရွာသောအချိန်တွင် ပြန်လည်ပျက်စီးကာ ယခင်အထက်ပင် သွားလာရခက်ခဲသွားသည်ဟု သိရှိရပါသည်။

နမ့်ခမ်းမြို့နယ်တွင် ကျောင်းကော်မတီခန့် ဆရာဆရာမများ ခေါ်ယူ

၂ဝ၁ဝခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့မှစ၍ နမ့်ခမ်းမြို့တွင် ၁ဝတန်အောင်ပြီးကျောင်းသူ၊ ကျောင်းသားများကို ကျောင်းကော်မတီမှခေါ်ယူခန့်အပ်သော ကျောင်းဆရာကော်မတီခန့်အဖြစ် ဆရာဦးထွန်အောင်နှင့် ဦးညီကျော်မြတ်တို့က ဦးဆောင်ပြီး ကောက်ခံနေပါသည်၊၊ ရွေးချယ်ခံရသော ကျောင်းဆရာ၊ ဆရာမများသည် နမ့်ခမ်းမြို့နယ် ကျောင်းအတွက်မဟုတ်ဘဲ လောက်ကိုင်မြို့အတွက်ဖြစ်သည်ဟု သိရရှိရပါသည်။


နမ့်ခမ်းမြို့နယ်တွင် ဆရာဦးထွန်းအောင်နှင့် ဆရာဦးကျော်မြတ်တို့မှ ဦးဆောင်ကာ ဆန်တန်းအောင်ပြီး အလုပ်အကိုင်မရှိသော ကျောင်းသူကျောင်းသားဟောင်းများအနေနှင့် ကျောင်းကော်မတီခန့် ကျောင်းဆရာ၊ ဆရာမများအဖြစ် အလုပ်လျှောက်ထားကြရန် ကြောညာထားပြီး လူဦးရေအယောက်၂ဝဝမျှ ခန့်အပ်သွားမည်ဟု သိရှိရပါသည်။ လစာကို ရပ်မိ၊ရပ်ဖများမှ တစ်လလျှင် ကျပ်တစ်သိန်းပေးမည်ဟု သိရှိရပြီး ကြံ့ဖွံ့အသင်းများမှလည်း အစိုးရထောက်ပံ့ကြေးဖြင့် တစ်လလျှင် ကျပ်ငွေသုံးသောင်းနှင့် ဆန်၊ ဆီ၊ ဆားတို့ကို ထောက်ပံပေးသွားမည်ဟု သိရှိရပါသည်။ သို့သော် ထောက်ပံ့မည့်လစာတစ်သိန်းသည် သေချာမှုမရှိဘဲ အလုပ်လျှောက်လာစေရန်အတွက် မက်လုံပေးထားခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

အလုပ်လျှောက်ထားသူများသည် ဗိုလ်မှူးတစ်ဦးဦး၏ ထောက်ခံချက်လက်မှတ်ပါမှသာ လက်ခံမည်ဟုလည်း ပြောထားပါသည်၊၊ အချို့သောနေရာများတွင်မူ ဗိုလ်မှူးထောက်ခံစာ မပါဘဲနှင့်လည်း လျှောက်နိုင်သည်ဟု သိရှိရပါသည်။ ယခုလက်ရှိ မည်သည့် ဗိုလ်မှူးထောက်ခံစာမျှမပါပဲ နမ့်ခမ်းမြို့နယ်မှ လေးဆယ်နှစ်ယောက်၊ စယ်လန့်မှ နှစ်ယောက်၊ စုစုပေါင်း လေးဆယ့်လေးယောက် ရွေးချယ်ထားခြင်းခံရသည်ဟု သိရှိရပါသည်။

“သတင်းကတော့ အမျိုးမျိုးပဲ ကြားနေရပါတယ်။ အခု နမ့်ခမ်းမှာ လေးဆယ်နှစ်ယောက်ရွေးချယ် သွားကတော့ ဘယ်ဗိုလ်မှူးမှ ထောက်ခံစရာမလိုဘူး။ တချို့ကျတော့ ဗိုလ်မှူးတွေရဲ့ ထောက်ခံစာ လိုအပ်တယ်လို့ ပြောကြတယ်” ဟု ဒေသခံတစ်ဦး ပြောပြသွားခဲ့ပါသည်။

ဒေသခံများသည် ကျောင်းဆရာ၊ ဆရာမ လျှောက်သည့်အပေါ်တွင် စိုးရိမ်မကင်းဖြစ်နေကြသည်။ ကျောင်းကော်မတီ ဆရာ၊ ဆရာမများသည် နမ့်ခမ်းမြို့နယ်အတွက်မဟုတ်ဘဲ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်မြို့တော်ဖြစ်သော လောက်ကိုင်မြို့အတွက် ဖြစ်ပါသည်။ ဘာကြောင့် လောင်ကိုင်မြို့ကို ကျောင်းဆရာ၊ ဆရာမ လူဦးရေ ၂ဝဝမျှ ခန့်အပ်ရသည်ကို ဒေသခံများ စိတ်ဝင်စားကြပြီး အချို့အလုပ်လျှောက်လာသော ဆရာ၊ ဆရာမများ လောက်ကိုင်မြို့တွင် တာဝန်ကျမည်ကိုလည်း မသိချေ။ ထိုအခြေအနေမျိုးတွင် နိုင်ငံရေးအနေလည်းမကောင်းသည့်အတွက်ကြောင့် အလုပ်လျှောက်လာသူများကို စစ်တပ်ထဲသွင်းပြီး စစ်တိုက်ခိုက်မှာမည်ကိုလည်း စိုးရိမ်နေကြပါသည်။

“အခု လျှောက်ခိုင်တဲ့ဆရာ၊ ဆရာမတွေကို လောက်ကိုင်ဘက်မှာ တာဝန်ပေးမယ်လို့ပြောတယ်။ ဘာကြောင့် လောက်ကိုင်ဘက်ကို ဆရာ၊ ဆရာမတွေ အများကြီး ပို့လည်းဆိုတာ နားမလည်ကြဘူး။ လောက်ကိုင် ၂ဝဝ၉ခုနှစ်တုန်းက ကိုးကန့်စစ်ပွဲဖြစ်ထားတယ်ဆိုတော့ စိုးရိမ်စရာတော့ ရှိတယ်” ဟု ဒေသခံတစ်ဦးမှ ပြောပြသွားခဲ့ပါသည်။

အခြား ဒေသခံတဦးကမှ “ကျနော် ညီမလေးကိုတော့ ဒီအလုပ်မလျှောက်ခိုင်ဘူး။ တော်ကြာ ဘော်ပင်မကိုင်ရဘဲ သေနတ်ပေးကိုင်ပြီး စစ်တိုက်ခိုင်းမှာ စိုးရိမ်တယ်၊၊ အခုနိုင်ငံရေးအခြေအနေက သိပ်ကောင်းတာ မဟုတ်ဘူး။ ပြီးတော့လည်း စစ်ဗိုလ်တွေရဲ့ ထောက်ခံချက်ရမှသာ လက်ခံမယ်ဆိုတော့ စစ်သားပဲ လုပ်ခိုင်မှာ သေချာတယ်။ စီးပွားရေး ကြပ်တည်းနေတဲ့ကြားမှာ လစာကို မက်မောပြီး အလုပ်လျှောက်ကြမှာ သေချာတယ်”

Friday, July 9, 2010

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများသဘောမတွေ့

တအာင်း(ပလောင်)အမျိုးသားပါတီသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအသီးသီးတွင် ပြီးခဲ့သည့် ၆လပိုင်းအတွင်း ၂ဝ၁ဝရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစဉ်များသွားခဲ့ကြောင်း သိရှိရပါသည်။


တအာင်း (ပလောင်)အမျိုးသားပါတီများသည် အဆိုပါစည်းရုံးရေးခရီးစဉ်အတွင်း ကျေးရွာအသီးသီးမှ တာဝန်ရှိလူကြီးများ၊ လူပျိုခေါင်းအပျိုခေါင်းများနှင့် လူပျိုအပျိုများအပြင် တစ်အိမ်တစ်ယောက် မတက်မနေရ ခေါ်ယူကာ ၂ဝ၁ဝရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟောပြောပွဲများပြုလုပ်ခြင်း၊ မဲထည့်နိုင်မည့် လူဦးရေစာရင်းများကောက်ခံခြင်း၊ မဲထည့်နိုင်မည့်သူများကိုခေါ်ယူ၍ ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်သွားသည်ဟု သိရှိရပါသည်။

ရွာသားတစ်ဦးကတော့ “တအာင်းအမျိုးသားပါတီက ကျနော်တို့ဆီမှာ မဲထည့်နိုင်မဲ့သူတွေကို နာမည်စာရင်းကောက်သွားတယ် ပြီးတော့ မဲထည့်နိုင်မယ့်သူ ယောက်တိုင်းကိုဓါတ်ပုံရိုက်သွားတယ်” ဟုပြောပြခဲ့ပါသည်။

ပလောင်ပြည်သူများသည် နအဖ၏ ၂ဝ၁ဝရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးချယ်ရမည့်လမ်းကြောင်းများ မရှိသည့်အတွက်ကြောင့် လက်မခံချင်သော်လည်း လက်ခံကြရပြီး ၄င်းတို့အနေနှင့် တအာင်းအမျိုးသားပါတီ (သို့) ကြံ့ဖွံ့ပါတီ တို့အား မဲမထည့်ဘဲ နေလျှင်လည်း ရွေးကောက်ပွဲသည် ရပ်တန့်သွားခြင်းရှိမည်မဟုတ်ဟု အချင်းချင်းပြောဆိုနေကြပါသည်။ သို့သော် ပလောင်ပြည်သူများ အနေနှင့် တအာင်း(ပလောင်)အမျိုးသားပါတီကိုသာ ထောက်ခံမဲပေးကြရန် တစ်ဦးနှင့်တစ်ဦး ပြောဆိုတိုက်တွန်း နေကြသည်ဟု သိရှိရပါသည်။

“၂ဝ၁ဝရွေးကောက်ပွဲ မကောင်းဘူးဆိုတာကို ကျနော်တို့သိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကန့်ကွက်ရင်လည်း အစိုးရက ဒါကိုဖြစ်အောင်လုပ်သွားမှာပဲ။ ကျနော်တို့လဲ ဘယ်တက်နိုင်မလဲ သူတို့က ဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆက်လုပ်သွားမယ် ဆိုတော့ ကျနော်တို့လဲ အခြားရွေးစရာမရှိတော့ဘူး။ တအာင်းပါတီက ကျနော်တို့ တအာင်းလူမျိုးတွေကို ကိုယ်စားပြုတဲ့ပါတီပဲ ဖြစ်တဲ့အတွက် တအာင်းပါတီက မကောင်းဘူးဆိုရင်တောင် အခြားပါတီတွေလောက်တော့ မဆိုးပါဘူးလို့ထင်ပါတယ်။ ပြီးတော့ သူများတွေက ကျနော်တို့ဒေသကို လာအုပ်ချုပ်မယ်ဆိုရင် အခုအခြေအနေထက် ပိုဆိုးလာနိုင်တယ်လို့မြင်ပါတယ်။ အဲ့တော့ ကျနော့်အနေနဲ့ တအာင်းပါတီကိုပဲ မဲထည့်သွားဖို့ဆုံးဖြတ်ထားပါတယ်။ ၂ဝ၁ဝရွေးကောက်ပွဲက ကျနော်တို့ပြည်သူတွေအတွက် အကျိုးမရှိဘူးဆိုတာကိုလည်း ကျနော်တို့ကောင်းကောင်းကြီးနားလည်ပါတယ်”ဟု နမ့်ဆန်မြို့နယ်ရှိ ရွာသားတစ်ဦးမှ ပြောပြသွားပါသည်။

နမ့်ဆန်စီးပွားရေး မကောင်းသည့်အတွက် လူငယ်အများစု မိုးကောင်းတွင် သွားရောက်အလုပ် လုပ်ကိုင်

လက်ဖက်ဈေးနှုန်းများမကောင်းသည့်အပြင် မိုးခေါင်ရေရှားဖြစ်မှုကြောင့် လက်ဖက်အထွက်နှုန်းများမှာလည်း ကျဆင်းနေပြီး အလုပ်အကိုင်များလည်း ရှားပါးကာ စီးပွားရေးအခြေအနေ မကောင်းသည့်အတွက်ကြောင့် နမ့်ဆန်မြို့နယ်မှ လူငယ်အများစုမှာ မိုးကောင်းမြို့နယ်တွင်သွားရောက်ကာ အလုပ် လုပ်ကိုင်နေကြရပါသည်။


ယခုနှစ်တွင် လက်ဖက်ဈေးနှုန်းများမကောင်းသည့်အပြင် မိုးခေါင်ရေရှားဖြစ်မှုကြောင့် လက်ဖက်အထွက်နှုန်းများမှာလည်း ကျဆင်းနေပြီး အလုပ်အကိုင်များလည်း ရှားပါးနေပါသည်။ ထို့ကြောင့် လက်ဖက်လုပ်ငန်းကိုသာ အဓိကအားထားနေရသော ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်ရှိ လက်ဖက်တောင်သူများမှာ စီးပွားရေးမကောင်းသည့်အတွက် ရွှေဖီဦးချိန်ပြီးသည့် (ဧပြီလ)နောက်ပိုင်းတွင် စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ရန် မိုးကောင်းမြို့နယ်သို့သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြရသည်ဟု သိရှိရပါသည်။ အမျိုးသားများမှာ ကျောက်တူးသည့်အလုပ်နှင့် ကားမောင်သော အလုပ်တို့ကိုလုပ်ကြပြီး အမျိုးသမီးများ ထမင်းဟင်းချက်ကြပါသည်။ ကျောက်တူးသမားများသည် ပုံမှန်လစာမရှိဘဲ ကားမောင်သောသူများမှာမူ တစ်လလျှင် အနည်းဆုံး ကျပ်ငွေတစ်သိန်းမှ နှစ်သိန်းအထိ ရရှိကြပါသည်။ ထမင်းဟင်းချက်သည့် အမျိုးသမီးများမှာလည်း တစ်လလျှင် ကျပ်ငွေတစ်သိန်းမှ တစ်သိန်းခွဲအထိ ရရှိကြသည်ဟု သိရှိပါသည်။

နမ့်ဆန်မြို့နယ်ရှိ လူငယ်များသည် မိုးကောင်းတွင်သွားရောက် အလုပ်လုပ်ကိုင်သည့်အပြင် အခြားဒေသရှိ ဘိန်းခြံများတွင်လည်း သွားရောက် အလုပ်လုပ်ကိုင်ကြသောကြောင့် ရပ်ရွာထဲတွင် လူငယ်များမရှိသလောက် ဖြစ်နေပါသည်။ အလုပ်ကောင်းကောင်းရသော်လည်း အချို့သောအမျိုးသားများသည် ရရှိသောလုပ်အားခများကို မူးယစ်ဆေးဝါးအတွက်သာ အသုံးပြုနေကြပြီး စုဆောင်းထားနိုင် ခြင်းမရှိဟု သိရှိရပါသည်။

“ကျမတို့ရွာမှာလေ လူငယ်တွေ မရှိသလောက်ဖြစ်နေတယ်။ ရွာမှာဆိုရင် ခြောက်ကပ်နေတာပဲ။ ရွှေဖီချိန်တုန်းက လက်ဖက်ဈေးလည်းမကောင်း လူငယ်တွေကလည်း ရွာမှာအလုပ်သိပ်မရှိတော့ မိုးကောင်းမှာသွားပြီး အလုပ်လုပ်ကြတာပေါ့။ မိုးကောင်းမှာတော့ လူငယ်တွေအတွက် အလုပ်ဖြစ်တယ်လေ။ ယောက်ျားလေးတွေကတော့ ကျောက်တူးတယ်၊ ကားမောင်းတယ်။ မိန်းကလေးတွေဆိုရင် ထမင်းဟင်းချက်တယ်။ ကားမောင်းတာဆိုရင် တစ်လကို တစ်သိန်းကနေ နှစ်သိန်းအထိရတယ်။ ထမင်းဟင်းချက်တဲ့ မိန်းကလေးတွေကတော့ တစ်သိန်းကျော်ကျော်ရတယ်လေ။ ဒါပေမယ့် ယောက်ျားတွေက ရတဲ့ပိုက်ဆံတွေ မစုဆောင်းမိပါဘူး။ မိုးကောင်းမှာ မူးယစ်ဆေးဝါးပေါတော့ ရတဲ့ပိုက်ဆံကို အဲအတွက်ပဲသုံးတယ်။ မိန်းကလေးတွေတော့ ပိုက်ဆံစုဆောင်းမိကြတယ်။ မိုးကောင်းမှာ အလုပ်ဖြစ်တယ်” ဟု ရွာသားတစ်ဦး ပြောပြချက်အရ သိရှိရပါသည်။

ရပ်ရွာထဲတွင် ဘိန်းစားနှင့် သူခိုးပေါများ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်အများစုသည် ယခုနှစ်အတွင်း ဘိန်းသုံးစွဲမှု ပိုမိုများပြားလာပြီး အကျင့်စာရိတ္တပျက်ပြားကာ ခိုးဆိုးလုယက်မှုများလည်း အလွန်တရာ ပေါများလာသည်ဟု သိရှိရပါသည်။


လာမည့် ၂ဝ၁၅ ခုနှစ်တွင် နအဖမှ ဘိန်းလုံးဝပပျောက်ရေးအတွက် အစီအစဉ်ရေးဆွဲခဲ့ပါသည်။ ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက “တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုကို သံန္နိဌာန်ချမှတ် တိုက်ဖျက်နေသည်”ဟု ပြောဆိုခဲ့ပါသည်။ ထို့ပြင် မြို့နယ်တိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအစားထိုးသီးနှံများ ဆိုင်ဘုတ်များတပ်ပါသည်။ သို့သော် ဆိုင်ဘုတ်ပေါ်မှာသာ စာသားများရှိထားပြီး လက်တွေ့ဘဝတွင်မူ ထိထိရောက်ရောက် လုပ်ဆောင်ခြင်းမျိုးမရှိပေ။

နမ့်ဆန်မြို့နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ထိထိရောက်ရောက် တိုက်ဖျက်ခြင်းမရှိသည့်အတွက် ဘိန်းသုံးစွဲသူများသည် ယခင်ထက်ပင် ပိုမိုများပြားလာပါသည်။ ထို့ပြင် ဘိန်းစားများသည် အကျင့်စာရိတ္တပျက်ပြားပြီး မိမိအိမ်တွင်းမှ ပစ္စည်းများသာမက ပတ်ဝန်းကျင်ရှိ ပစ္စည်းများကိုပါ ခိုးယူရောင်းချကာ ဘိန်းဝယ်သုံးကြသည်ဟု သိရှိရပါသည်။

“ကျမတို့ဆီမှာ ဘိန်းစားတွေအရမ်းပေါတယ်။ ဘိန်းစားတွေက အလုပ်အကိုင်လည်းမရှိ တာဝန်ရှိသူတွေလည်း တာဝန်ယူဖျက်ပေးတာမျိုးလည်းမရှိ၊ ပြီးတော့ ဘိန်းက ဘယ်ကနေဝင်လာမှန်းလည်း မသိဘူး။ ရွာမှာလည်း ဘိန်းစိုက်တာမရှိဘူး။ ဒါပေမယ့် ဘိန်းစားတွေက အရမ်းများလာတယ်။ ဘိန်းစားတွေက အလုပ်လည်းမလုပ် ပိုက်ဆံကလည်းမရှိတော့ သူတို့အိမ်ကပစ္စည်းတွေခိုးရုံမက ပတ်ဝန်းကျင်ရဲ့ ပစ္စည်းတွေပါ ခိုးကြတယ်။ အခုဆို ရွာမှာ သူခိုးအရမ်းကြောက်ရတယ်။ မိလို့ရှိရင်လည်း သူတို့မှာ ပြန်လျော်စရာမရှိပြန်ဘူး” ဟု ရွာသူတစ်ဦးမှ ပြောပြသွားပါသည်။