Tuesday, August 26, 2014

အစိုးရနဲ့TNLA ဘာကြောင့်အပစ်မရပ်နိုင်ရတာလဲ

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရန် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာတွင် လည်း အပစ်ရပ်စာချုပ်ပါ အချက်တော် တော်များများကို သဘောတူထားပြီး ဖြစ်ကာ အချက်အနည်းငယ်သာ ထပ်မံ ဆွေးနွေးရန်ကျန်ရှိတော့သည်ဟု နှစ်ဖက် ခေါင်းဆောင်များကဆိုသည်။

ဆွေးနွေးပွဲတွေနှင့် တစ်ချိန်တည်း မှာပဲ အပစ်အခတ် ရပ်စဲရေးသဘော တူညီမှုမပြုလုပ်ရသေးသညKIA  (ကချင် လွတ်မြောက်ရေးတပ်မတော်)၊TNLA (တအာင်းလွတ်မြောက်ရေးတပ်မတော်) အပစ်ရပ်လက်မှတ်ရေးထိုးထားသောSSPP (ရှမ်းပြည်တိုးတက်ရေးပါတီ)တို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည် နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိ သည်။

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့များထဲတွငTNLA (တအာင်းတပ်မတော်)နှင့် အများဆုံးဖြစ် ပွားခဲ့ပြီး အပစ်အခပ်ရပ်စဲရေး ညှိနှိုင်းမှု မှာလည်း အောင်မြင်ရရှိနိုင်ခြင်းမရှိသေး ချေ။ မြန်မာ့တပ်မတော်နှင့် တအာင်း လွတ်မြောက်ရေးတပ်မတော်တို့သည် ၂၀၁၃ခုနှစ်တွင် တိုက်ပွဲပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့ပြီး ၂၀၁၄ သြဂုတ်လ ၁၈ ရက် အထိ တိုက်ပွဲပေါင်း ၁၁၃ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

ယင်းသို့တိုက်ပွဲများ များပြားနေခြင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန ညွှန်ကြားရေးမှူးဒေါက်တာမင်းဇော်ဦးးက ““တအာင်းကလည်း အပစ်ရပ်ထားတဲ့ အဖွဲ့တော့ မဟုတ်ဘူးပေါ့။ အဲဒီအပ်ါမှာ သူ့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကလည်း ရှိတာ ပေါ့။ တပ်မတော်ကလည်း လှုပ်ရှားမှု တွေရှိတဲ့အပေါ်မှာ ထိတွေ့မှုတွေရှိကြ တာပေါ့””ဟုပြောသည်။

ပထမအကြိမ် အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးခဲ့ရာတွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းခဲ့သော် လည်းTNLA အနေဖြင့် အဆင့်သင့် မဖြစ်သဖြင့် ဆွေးနွေးမှုမအောင်မြင်ခဲ့ဟု ဆိုသည်။
TNLA  အထွေထွေအတွင်းရေးမှူး တာဖုန်းကျော်က အစိုးရအနေဖြင့် တွေ့ ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှု ထက် အပစ်အခတ်ရပ်စဲရေးကိုသာ ကမ်း လှမ်းခဲ့သဖြင့် ဆွေးနွေးမှုမအောင်မြင်ရ ခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက် က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ယင်းသို့ ဆွေးနွေးပွဲမအောင်မြင်ရ ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီဒုတိယဥက္ကဋ္ဌဦးအောင်မင်းကTNLAတောင်းဆိုချက်များ များပြားမြင့်မား ခြင်းကြောင့်ဖြစ်သည်ဟု သြဂုတ်လရက်ထုတ် ဒီမိုကရေစီတူဒေး  နေ့စဉ် သတင်းစာတွင် ပြောကြားထားသည်။

တအာင်းလွတ်မြောက်ရေး တပ်မ တော်အနေဖြင့် လူဦးရေတစ်သိန်းရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းတွင် တအာင်း၊ ပလောင်လူမျိုး လေးသောင်း သာ ရှိသော်လည်း  ယင်းနယ်မြေအား တအာင်း၊ ပလောင်လူမျိုးတို့၏ အခြေခံ နယ်မြေအဖြစ် တောင်းဆိုမှုများ ရှိခဲ့ ကြောင်း၊ စာချုပ်များချုပ်ဆိုရာတွင် ထိုသို့ မြို့နယ်အဆင့်  တောင်းဆိုမှုများအား မကြားသိခဲ့ရဘူးကြောင်းနှင့် တောင်းဆို ချက်များ များပြားပြီး မြင့်မားကြောင်း ဦးအောင်မင်းက ပြောဆိုခဲ့သည်။

TNLA အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်ကမူ အစိုးရအနေဖြင့် အပစ်ရပ်လက်မှတ်ရေး ထိုးစေရန် အတင်းအကျပ် လက်မှတ်ရေး ထိုးစေလိုခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံစေရန် စစ်ရေးအရ ဖိအားပေးလိုသောကြောင့် ထိုးစစ်ဆင် နေခြင်းဖြစ်သည်ဟု သူ၏ အမြင်ကို ပြောသည်။

ဒုတိယဗိုလ်မှူးကြီးတာဘုန်းကျော် က““ကျွန်တော့်အမြင်အရ ဒီမြန်မာအစိုးရ မြန်မာစစ်ခေါင်းဆောင်တွေက ကျွန် တော်တို့ကို စစ်ရေးအရ ဖိအားပေးလို့ ကျွန်တော်တို့က တော်တော်လေးကို ထိခိုက်နစ်နာမှုတွေရှိမယ်ဆိုရင် လူထု ကလည်း ကျွန်တော်တို့ကလည်း ကျွန် တော်တို့ကို ဖိအားပေးမှုတွေ ပိုပြီးတော့ ပြင်းထန်လာမယ်ဆိုရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တင်ပြထားတဲ့ သူတို့ရေးဆွဲ ထားတဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးတာတို့၊ ၂၀၀၈ ဖွဲ့စည်းပုံလက်ခံတာ မျိုးတို့ ဖြစ်လာနိုင်တယ်လို့ အဲဒီ့လိုတွက် ပြီးတော့မှ ထိုးစစ်ဆင်တာမျိုးတစ်ခု ကျွန်တော်သုံးသပ်မိတယ်””ဟုဆိုသည်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန ညွှန် ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးကTNLA က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြောင်းပြကာ  အစိုးရတပ်လက် အောက်ခံ ပြည်သူ့စစ်အချို့အား လက် နက်ဖြုတ်တိုက်ခိုက်ခြင်း၊ အစိုးရနှင့် ဆွေး နွေးဖက်စာရင်းအဖြစ် အမည်မပေါက် သောအဖွဲ့များဖြင့် ပူးတွဲလှုပ်ရှားခြင်း၊ အစိုးရတပ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးခြင်းတို့ကြောင့် တိုက်ပွဲအရှိန်များ မြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလော အပစ်အခတ်ရပ်စဲ ရေး မဆောင်ရွက်နိုင်သေးသော်လည်းTNLA  သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT အဖွဲ့ဝင်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးချိန်တွင် ပါဝင် လာမည်ဟုမျှော်လင့်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
““တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူကြတဲ့အခါမှာ အခြေခံ ပြီးတော့ တအာင်းကလည်း ၁၆ ဖွဲ့ထဲပါ တော့ အဲဒီအပေါ်မှာ အပစ်ခပ်ရပ်စဲရေး ကို လုပ်နိုင်လိမ့်မယ်ထင်ပါတယ်””ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။

““တိုက်ပွဲဖြစ်တာကတော့ တပ်လှုပ် ရှားမှုဖြစ်ရင် တိုက်ပွဲဖြစ်တာသဘောပဲ ပေါ့။ မူးယစ်ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် တပ်ဝင်တယ်ဆို တာနဲ့တိုက်ပွဲဖြစ်တာပဲ။ အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေကို ကြည့်လိုက်ရင် ဟိုဘက် ဒီဘက် သတ်သတ်မှတ်မှတ် မကွဲပြားတဲ့ နေရာတွေမှာတိုက်ပွဲဖြစ်တာပဲ။ အပစ် ခတ်ထိုးပြီးရင် တပ်နေရာချထားရေးတွေ ကိုလည်းလုပ်ဖို့ရှိတယ်။ သူ့နေရာနေ ကိုယ့်နေရာနေဆိုရင်တော့ ဒီလို ပြဿနာ တွေမဖြစ်တော့ဘူးပေါ့””ဟုဒေါက်တာ မင်းဇော်ဦးကပြောသည်။

လတ်တလောတွငTNLA နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် မချုပ်ဆိုထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့်အစိုးရ တွေ့ဆုံ ဆွေးနွေးသောပွဲများတွငTNLA ခေါင်း ဆောင်များ သွားလာနိုင်ရန် မြန်မာငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ မှ ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။

အစိုးရနှင့်တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ အပစ်ရပ်ပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း အပြီးသတ်မည့် နိုင်ငံရေးမူဘောင်ဆွေးနွေးရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ခြင်း၊ ငြိမ်း ချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးခြင်း စသည့်ခြေလှမ်းစိတ်စိတ်များ  အထဲတွင် တအာင်းလွတ်မြောက်ရေး တပ်မတော် နှင့် မြန်မာ့တပ်မတော်ကြား မည်သည့် အတွက်ကြောင့်အပစ်မရပ်နိုင်သေးတာလဲ ဆိုသည့်မေးခွန်းများကရှိနေဆဲသာ...။

မေသဇင်

အစိုးရငြိမ်းချမ်းရေးစာချုပ်တွင်ပဋိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း

အစိုးရအဆိုပြုစာချုပ်၏ ခေါင်းစဉ်တွင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအကြား ------- သဘောတူစာချုပ်” ဟု ဖေါ်ပြထားသည်။ ယင်းမှာဥပဒေသဘောအရ လွဲချော်နေပါသည်။ “နိုင်ငံတော်” ဟူသည့် ဝေါဟာရ ပါရှိသောကြောင့်ဖြစ်သည်။ ပြည်တွင်းစစ်တွင် ဘက်နှစ်ဘက်ရှိသည်။ တဘက်တွင် အာဏာရအစိုးရဖြစ်၍ အခြားတဘက်တွင် (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င်) အစိုးရကိုဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည်။ ၄င်းတို့သည်နိုင်ငံတော်ကို ဆန့်ကျင်နေခြင်း မဟုတ်။ အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့၊ ၀င်နေခြင်းသာဖြစ်သည်။

နိုင်ငံတကာ ဥပဒေအရ နိုင်ငံ (State) ဟူရာတွင် လူထု၊နယ်မြေ၊ အစိုးရနှင့် အချုပ်အခြာအာဏာတို့ ပါဝင်သည်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာ မိမိတို့လူထုကို မိမိတို့ ဆန့်ကျင်နေခြင်း မဟုတ်။ နယ်မြေကိုသော် လည်းကောင်း၊ အချုပ်အခြာအာဏာကိုသော် လည်းကောင်း ဖျက်ဆီးနေခြင်း မဟုတ်။ ၄င်းတို့ သည် မိမိတို့၏ လူထုနှင့်လည်းကောင်း၊နယ်မြေနှင့်လည်းကောင်း၊ (လူထုထံမှ ဆင်းသက်လာသော) အချုပ်အခြာ အာဏာနှင့် လည်းကောင်း ပဋိပက္ခဖြစ်နေခြင်း မဟုတ်။ အုပ်စိုးသူ အစိုးရ အဆက်ဆက်နှင့်သာ ပဋိပက္ခ ဖြစ်နေခြင်း ဖြစ်သည်။
နိုင်ငံတော်ဟူသော အမည်ကို အသုံးပြုပြီးစာချုပ်ရန်မှာ နိုင်ငံတကာ ဥပဒေအရ နိုင်ငံတနိုင်ငံနှင့် အခြားတနိုင်ငံအကြား (သို့ မဟုတ်)နိုင်ငံအများအကြား ချုပ်ဆိုသော စာချုပ်များတွင်သာ ဖြစ်သည်။ စာချုပ်စာတမ်း များ ဥပဒေဆိုင်ရာဗီယင်နာ ကွန်ဗင်းရှင်း[1] ကို လေ့လာနိုင်သည်။

ယခု စာချုပ်သည် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံတခုခု(သို့မဟုတ်) မြန်မာနိုင်ငံပြင်ပမှ အခြားအဖွဲ့ အစည်းတရပ်ရပ်တို့ ချုပ်ဆိုသည့် စာချုပ်မဟုတ်။မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအတွင်းမှာပင် ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားချုပ်ဆိုသည့် စာချုပ်ဖြစ်သည်။ သို့ဖြစ်၍ စာချုပ်ဝင် [2] များအနေဖြင့်ဘက်တဘက်တွင် အစိုးရရှိပြီး အခြားဘက်တဘက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိရပါမည်။ ပဋိပက္ခ၏ ဘက်နှစ်ဘက် ချုပ်ဆိုကြသည့်စာချုပ် ဖြစ်ပါမှလည်း စာချုပ်သည် ဥပဒေသဘောအရ သဘာဝကျပါမည်။ထိုနည်းအတိုင်းပင် အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှားအစိုးရနှင့် အာချေးလွတ်မြောက်ရေးအဖွဲ့ (Free Aceh Movement)[3] တို့သည် လည်းကောင်း၊ ဗြိတိသျှနိုင်ငံတွင်ဗြိတိသျှအစိုးရနှင့် မြောက်ပိုင်းအိုင်ယာလန် တို့သည်လည်းကောင်း၊[4] ဆီအာရာလီယွန်းတွင်ဆီအာရာလီယွန်း အစိုးရနှင့်TheRevolutionary United Front of Sierra Leone (RUF/SL) တို့သည် လည်းကောင်း[5] စာချုပ်ဝင်များအနေဖြင့်သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။

အစိုးရသည် မိမိကိုယ်ကို နိုင်ငံ[6] ဟူ၍ ခံယူကာအပေါ်စီးမှ ယူနေသမျှကာလပတ်လုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မည်သည့်အခါတွင်မျှ မအောင်မြင်နိုင်။ ၁၉၆၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေး ပွဲများ ကျင်းပခဲ့ရာတွင် လည်း ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီသည်အစိုးရအနေဖြင့်သာ ဆွေးနွေးခဲ့သည်။ ဦးသိန်းစိန် အစိုးရသည် မိမိကိုယ်ကို နိုင်ငံတော်[7] ဟူသောဝေါဟာရကို အသုံးပြုကာ ဆွေးနွေးပွဲ များအား အထက်စီး မှနေ၍ မချဉ်းကပ်သင့်ပါ။

၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့၌ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည့် လိုင်ဇာ တိုင်းရင်းသားညီလာခံ အခြေခံမူများတွင် တန်းတူညီမျှမှု ဟူသည့် အချက်တရပ်ပါဝင်သည်။ ယင်းမှာ မျက်မှောက်ကာလ ငြိမ်းချမ်းမှု ရှာဖွေနေသည့်ဖြစ်စဉ်များတွင် လည်းကောင်း၊ နောင်တွင်ဆက်လက် တည်ဆောက်သွားမည့် ဖက်ဒရယ်ပြည်ထောင်စု တွင်လည်းကောင်းအကျုံးဝင်သည်။ မျက်မှောက်တွင် တန်းတူညီမျှမှု အခြေခံဖြင့် ဖေါ်ဆောင်ခွင့် မရလျှင် နောင်တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စု ဟူသည်တွင်လည်း တန်းတူညီမျှမှု ဆိတ်သုဉ်းနေပါမည်။

“နိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအကြား------- သဘောတူစာချုပ်” ဟူ၍ချုပ်ဆိုလျှင် ဥပဒေ သဘောအရ အဓိပ္ပါယ်နောက်တမျိုး သက်ရောက်သွားနိုင်သည်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများသည် စာချုပ်စာတမ်းများ ဥပဒေဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းက အညိုရောင်အနေနှင့် သတ်မှတ်ထား သောနယ်ပယ်[8] အတွင်းသို့ ရောက်သွားနိုင်သည်။ ယင်းမှာ “တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးသဘော တူညီချက်များအား လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံတကာဥပဒေက အရေးထားရမည့် အကြောင်းရပ်[9] အနေဖြင့် တောင်းဆိုခွင့် ရနိုင်သည်"[10] ဟူသည့်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်သွားနိုင်သည်။

 နိုင်ငံတကာဥပဒေက အရေးထားရမည့် အကြောင်းရပ်ဆိုသည်မှာ ဤစာချုပ်နှင့် ဆက်စပ်လျှင် “တိုင်းရင်းသားများသည် လွတ်လပ်သော နိုင်ငံနီးပါး လက်ခံစဉ်းစားရန်လိုသော ကိုယ်ပိုင်ပြဌာန်းခွင့် အနေအထားမျိုး ခံစားပိုင်ခွင့်ရှိသည့် လူထုများဖြစ်သည်။” [11] ဟူ၍ပင်။ ယခုငြိမ်းချမ်းရေးစာချုပ်အား“ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ------- သဘောတူစာချုပ်” ဟူ၍ သာချုပ်ဆိုရပါမည်။ ယင်းသို့မဟုတ်ပါက မလိုလားအပ်သည့် ဥပဒေကြောင်း ရှုတ်ထွေးမှုများလည်း ပေါ်လာနိုင်သည်။

ယခင်ကချုပ်ဆိုခဲ့သည့် သဘောတူညီချက်များ၏ တရားဝင်မှု ပြဿနာ

အစိုးရ၏ အဆိုပြုစာချုပ် စာမျက်နှာ (၁) ပထမအပုဒ်တွင် “ယခင်ကချုပ်ဆိုခဲ့သော တည်ဆဲဥပဒေနှင့် မဆန့်ကျင်သည့် သဘောတူညီချက်များအား အသိအမှတ်ပြုခြင်း၊ပိုမိုခိုင်မာစေခြင်းနှင့် ထပ်ဆင့် အတည်ပြုခြင်း၊” ဟု ဖေါ်ပြထားသည်။
ယင်းအပုဒ်တွင် ပထမဆုံးပြသနာမှာ “တည်ဆဲဥပဒေ” ဟူသောအငြင်းပွားဘွယ် ဝေါဟာရနှင့် စပ်ဆိုင်သည်။ “တည်ဆဲဥပဒေ” ဟူသည်မှာ အဘယ်နည်း။ တိုင်းရင်းသားပြည်နယ်များတွင် ရိုးရာဓလေ့ထုံးတမ်း ဥပဒေများနှင့် အင်္ဂလိပ် ကိုလိုခေတ်ကထဲက အတည်ပြု ကျင့်သုံးခဲ့သည့် ဥပဒေများ ရှိခဲ့သည်။၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အစိုးရ အဆက်ဆက်က ပြည်နယ်တွင်းရှိ ဥပဒေများအား ၄င်းတို့ စိတ်ကူးပေါက်သလို ရုပ်သိမ်း၊ ပယ်ဖျက်ခြင်း၊ အသစ် ပြဌာန်းခြင်းများ ရှိခဲ့သည်။ ပြည်နယ်အလိုက် သက်ဆိုင်ရာတိုင်းရင်းသားများ၏ သဘောဆန္ဒကို မယူခဲ့။ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုမည် ဆိုလျှင် ယင်းတို့ ကို ပြန်လည်စိစစ်ရန်လိုသည်။ ပြည်နယ်များနှင့် ဆက်စပ်၍ “တည်ဆဲဥပဒေ” ဟူသည်ကို လက်ရှိအစိုးရက အဓိပ္ပါယ်ဖွင့်ခြင်သလို ဖွင့်ခွင့် မရှိသင့်။ နှစ်ဘက်ဆွေးနွေးပြီးမှ မည်သည်တို့ မှာ “တည်ဆဲဥပဒေ”ဖြစ်သည်ကို သဘောတူညီသင့်သည်။

ဒုတိယပြသနာမှာ “တည်ဆဲဥပဒေ” ဟူသည်နှင့် စပ်လျှဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ အုပ်ချုပ်ရေးချထားသည့် နယ်မြေများရှိ ဥပဒေများကို မည်သို့ သဘောထားမည် ဟူ၍ဖြစ်သည်။[12] ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရာတွင် ပြည်ထောင်စု တ၀ှမ်းလုံးကို လွှမ်းခြုံသည့် ဥပဒေများရှိသလိုဒေသဆိုင်ရာ အလိုက် ချမှတ်ကျင့်သုံးသော ဥပဒေများ လည်းရှိရသည်။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ချမှတ်ကျင့်သုံးနေသာ ဒေသဆိုင်ရာဥပဒေများကို လေးစားလိုက်နာခြင်းမပြုဘဲ ထင်သလိုပြုမူဆောင်ရွက်လျှင်မူ ငြိမ်းချမ်းရေးကို ထိပါးမည်ဖြစ်သည်။

တတိယပြသနာမှာ အစိုးရ အဆိုပြုစာချုပ်တွင် ဥပဒေအရ စည်းနှောင်သည့်ပြဌာန်းချက်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအတွက်သာ ရည်ညွှန်းထားခြင်းဖြစ်သည်။အစိုးရနှင့် ၄င်း၏ စစ်တပ်အပေါ် စည်းနှောင်မှုကို မဖေါ်ပြ။ ယင်းသို့ ဖြင့် ဥပဒေအရ တာဝန်ပိုင်းအချိုးအစားမညီသော စာချုပ် ဖြစ်သွားပြီး ဒေသဆိုင်ရာ တိုင်း၇င်းသား လူထု၏ လုံခြုံမှုကိုထိပါးစေမည်ဖြစ်သည်။[13] ထို့အပြင် ဥပဒေချိုးဖေါက် လေ့ရှိသူမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများသာ ဖြစ်သည်ဟုရည်ညွှန်းသည့် သဘောလည်း ဆောင်သည်။

စတုတ္ထပြသနာမှာ “တည်ဆဲဥပဒေနှင့် မဆန့်ကျင်သည့် သဘောတူညီချက်များ”ဟု သုံးထားခြင်း အားဖြင့် ဥပဒေသဘောအရ အငြင်းပွားမှုများ ပေါ်ပေါက်စေပါမည်။ ယခင်က ချုပ်ဆိုခဲ့သည့်စာချုပ်များတွင် တည်ဆဲဥပဒေ နှင့်ဆန့်ကျင်သည့် သဘောတူညီချက်များ ပါဝင်နေကြောင်း ရည်ညွှန်းသည့် သဘောဆောင်သည်။ တည်ဆဲဥပဒေနှင့် ဆန့်ကျင်မှန်း သိသိကြီးနှင့် ယခင်က မည်သည့်အတွက် ချုပ်ဆိုခဲ့သနည်း။အစိုးရကိုယ်တိုင်က ဥပဒေကို ချိုးဖေါက်နေကြောင်း ကြေညာလိုက်ရာ မရောက်ဘူးလား။ သိသိကြီးနှင့်ယခင်ကချုပ်ဆိုခဲ့ပါလျက် အဘယ်ကြောင့် ယခုမှ ဤကိစ္စကို ဖေါ်ထုတ်လာသနည်း စသဖြင့် ဥပဒေဆိုင်ရာမေးခွန်းများ ပေါ်ပေါက်လာသည်။

ထို့ အပြင် ယခင်က ချုပ်ဆိုခဲ့သည့် စာချုပ်များတွင် မည်သည့်သဘောတူညီချက်က တည်ဆဲဥပဒေ နှင့် ဆန့်ကျင်ပြီး မည်သည့် သဘောတူညီချက်က မဆန့်ကျင်ဟူသည်ကိုမည်သူက ဆုံးဖြတ်မည်ဟူသော ပြဿနာလည်း တက်လာသည်။ အစိုးရသည် မိမိလက်မခံလိုတော့သည့် သဘောတူညီချက်များအား တည်ဆဲဥပဒေနှင့် ဆန့်ကျင်ကြောင်းနှင့် မိမိ လက်ခံလိုသည့် သဘောတူညီချက်များအား တည်ဆဲဥပဒေနှင့် ကိုက်ညီကြောင်းအဓိပ္ပါယ်ဖွင့်ဆို ကျင့်သုံးတော့မည့် အနေအထားကို တွေ့လာရသည်။ ဤသည်မှာ မဖြစ်သင့်ပါ။ သံသယများပွားစေပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းကို မုချ ထိခိုက်နိုင်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အချိန်ကာလ အမျိုးမျိုး၊ နိုင်ငံရေးနောက်ခံအမျိုးမျိုး၊ စစ်ခေါင်းဆောင် အမျိုးမျိုးအောက်တွင် မတူကွဲပြားစွာ အနည်းနည်းအဖုံဖုံ ရရှိခဲ့ကြသော သဘောတူညီချက်များ အားလုံးကိုပါ အစိုးရအဆိုပြု ယခုစာချုပ်သစ်က ဥပဒေအရခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

စင်စစ်အားဖြင့် ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးအားစစ်မှန်စွာရှာဖွေခဲ့မည် ဆိုပါက ယင်း ဖြစ်စဉ်များအတွင်းတွင် မူလကထဲက ဥပဒေစိုးမိုးမှုအခြေခံကိုကျင့်သုံးကာ တပြည်လုံး တပြေးညီဖြစ်စေခဲ့ရပါမည်။ ယင်းသို့မဟုတ်ဘဲ စစ်အစိုးရ အဆက်ဆက်သည်တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအကြားတွင် သပ်လျှိုဖြိုခွဲနိုင်ရေးရည်မှန်းချက်ဖြင့်သာ တဖွဲ့ချင်းစီအလိုက် ကိုင်တွယ်ခဲ့၊ အင်အားကြီးလျှင် ကြီးသလို၊ ငယ်လျှင်ငယ်သလိုမတူသည့် အခွင့်အလမ်းများ ပေးအပ်ခဲ့၊ ရပ်တည် လုပ်ဆောင်ခွင့်ပြုခဲ့သဖြင့် တပြည်လုံးတွင်ဥပဒေစိုးမိုးရေးပျက်ခဲ့သည်။ ယင်း၏ မကောင်းကျိုးကို တိုင်းရင်းသားပေါင်းစုံ လူထုအားလုံးခံစားခဲ့ရ၊ ခံစားရဆဲ ဖြစ်သည်။ ယခုတဖန် ငြိမ်းချမ်းရေး သဘောတူညီချက်အား ဥပဒေအခြေခံမှချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းမှာလည်း မမှန်ပြန်သဖြင့် ဥပဒေစိုးမိုးရေး ပိုမိုပျက်သုဉ်းရန်သာရှိသည်။ သာဓက တခုပြပါမည်။

အောက်တိုဘာလ (၁၀) ရက်နေ့တွင် အစိုးရနှင့် ကေအိုင်အိုတို့ ချုပ်ဆိုခဲ့သည့်သဘောတူညီချက် အပုဒ် (၂) (စ) ၌ အောက်ပါအတိုင်း ဖေါ်ပြထားသည်။
“ကေအိုင်အိုအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ် လပ်စွာ တွေ့ဆုံဆွေး နွေးတိုင်ပင်ခြင်းများ (Public Consultation) ပြုလုပ်ရန် သဘောတူသည်။“


အစိုးရသည် စာချုပ်အသစ်ကို ကိုးကား၍ အထက်ပါ သဘောတူညီချက်မှာတည်ဆဲဥပဒေနှင့် ဆန့် ကျင်နေသောကြောင့် လိုက်နာဆောင်ရွက်ရန် မလိုဟု အကြောင်းပြနိုင်သည်။အဘယ်ကြောင့်ဆိုသော် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကဲ့သို့ ပင် ကေအိုင်အိုသည် မတရားအသင်းအဖြစ် ကြေညာခံထားရဆဲ ဖြစ်သောကြောင့်ပင်။
“ပဋိပက္ခကြောင့် ပုံမှန်သွားလာနိုင်မှုမရှိသော အများပြည်သူ အသုံးပြုသည့်လမ်းများနှင့် အရေးပါသော လမ်းများ ပုံမှန် ပြန်လည်သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍ အမြန်ဖွင့်လှစ်သွားရန် သဘောတူသည်။“ ဟူသည့် သဘော တူညီချက်မျိုးကိုမူ တည်ဆဲဥပဒေနှင့် မဆန့်ကျင်ဟုအဓိပ္ပါယ်ဖွင့်ဆိုကာ အစိုးရက အတည်ပြု ကျင့်သုံးသွားမည်ဟု ရပ်တည် ပြောဆိုလာနိုင်သည်။“ယင်းလမ်းများအား နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့များက အသုံးချကာ စစ်ရေးလှုပ်ရှား ခြင်းများ မပြုရ။”ဟူသည့် ခြွင်းချက် ပြဌာန်းချက် မပါသဖြင့် အစိုးရတပ်တွေက ပွင့်သွားသော လမ်းများအား စစ်ရေးရည်မှန်းချက်ဖြင့် အသုံးချ နိုင်သောကြောင့် ဖြစ်သည်။ လက်တွေ့လည်း ယင်းသို့အသုံးချနေသည်။

သို့ဖြစ်၍ “တည်ဆဲဥပဒေ နှင့်မဆန့်ကျင်သည့် သဘောတူညီချက်များ”ဟူသော စကားစုအား စာချုပ်အသစ်တွင် လုံးဝပင် မသုံးသင့်ပါ။ စာမျက်နှာ(၁)၏ အောက်ဆုံးအပုဒ်တွင်ဖေါ်ပြထားသည့် “တည်ဆဲဥပဒေ များနှင့် မဆန့်ကျင်ဘဲ”ဟူသည့် စကားစုကိုလည်း ထိုနည်းတူပင် သုံးသပ်ရပါမည်။ ဖေါက်ပြန်ဖိနှိပ်သည့် တည်ဆဲဥပဒေအတော်များများ ရှိဆဲဖြစ်သည်။ တည်ဆဲဥပဒေ ဟူသည်များ အား ကိုးကား၍ အစိုးရက အထက်စီးမှ ပြောဆို၊ရေးသားရန် ကြိုးပမ်းနေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဥပဒေများအား တရားသည်၊ မတရားသည် အဓိကမထားဘဲဥပဒေပြဌာန်း၍ စိုးမိုးရေး (Rule by Law) ကိုသာ အဓိကထား ကျင့်သုံးနေသောကြောင့်ဖြစ်သည်။

၁၉၆၂ ခုနှစ် စစ်အာအာဏာသိမ်းပြီး ချိန်မှစ၍ စစ်အစိုးရ အဆက်ဆက်သည် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေအပါအ၀င် မတရားဖိနှိပ်သည့် ဥပဒေအတော်များများ ပြဌာန်းခဲ့သည်။ ယင်းတို့မှာ ယနေ့အချိန်အထိ တည်ဆဲဥပဒေများ အနေဖြင့် ရှိနေဆဲ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ဒီမိုကရေစီ အစိုးရဟု အသွင်ဆောင်ကာ ရပ်တည်လာသော အခါတွင်လည်း မတရားဖိနှိပ်သည့် ဥပဒေများအား ဆက်လက်ပြဌာန်း လာပြန်သည်။ သာဓက တခုပြပါမည်။ ၂၀၁၁ ခုနှစ်ဒီဇင်္ဘာလ(၂) ရက်နေ့တွင် ပြဌာန်းလိုက်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေဖြစ်သည်။ အဆိုပါ ဥပဒေမှာ လူထု၏ အခြေခံလွတ်လပ်မှု အခွင့်အရေးကို ဖိနှိပ်ပိတ်ပင်သည့် မတရားဥပဒေ ဖြစ်သည်။ ယင်းအား ချိုးဖေါက်လျှင် ပြစ်ဒဏ်ပေးသည့် ပုဒ်မ (၁၈) အား လူထုအတော်များများက ယခုအချိန်တွင် ကန့်ကွက် လာကြသည်။ ထိုအခါကျမှ အဆိုပါ မတရားဥပဒေကို ပြဌာန်းခဲ့သည့် လွှတ်တော် အမတ်များထဲမှပင် အချို့ က ဤပုဒ်မအား ဖျက်ပေးရန် အဆိုတင်သွင်း သွားမည်ဖြစ်ကြောင်း လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေးလာကြပြန်သည်။

ယင်းလွှတ်တော်အမတ် အချို့အား မေးရန် ရှိလာသည်။ ပထမ မေးခွန်းတခုမှာအဆိုပါ ဥပဒေသည် လူထု၏ အခြေခံလွတ်လပ်မှု အခွင့်အရေးကို ဖိနှိပ်ပိတ်ပင်သည့် မတရားဥပဒေ ဖြစ်မှန်းသိလျှင် ဥပဒေ စတင်ပြဌာန်းရန် လွှတ်တော် အတွင်း၌ ဆွေးနွေးခဲ့ကြစဉ်က အဘယ်ကြောင့် ထိထိရောက်ရောက် မကန့်ကွက်ခဲ့ကြသနည်း။ ကန့်ကွက် ခဲ့ပါလျက် လက်မခံဟု ဆိုပါက လွှတ်တော်အတွင်းမှ ထွက်ခွာခဲ့ရုံသာရှိသည်။ မထွက်ခွာဘဲ ဆက်ထိုင်နေသောအခါ မတရား ဥပဒေများအား တခုပြီးတခု ထိုင်ပြီး အတည်ပြုနေရသည့် ဘ၀တွင် လွှတ်တော်အမတ်ဆိုသူ တဦး၏ တန်ဘိုးသည် အဘယ်နည်း။ ဒုတိယမေးခွန်းမှာ ယခင်က မကန့်ကွက်ခဲ့ကြသော်လည်း ယခုအချိန်တွင် မတရားဥပဒေမှန်း သိလာပြီ ဆိုပါက အဆိုပါ ဥပဒေတခုလုံး ဖျက်သိမ်းပစ်ရန် အဘယ်ကြောင့် မတောင်းဆိုသနည်း။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်နှင့် ၁၉၆၂ ခုနှစ်အကြား ဒီမိုကရေစီစနစ် ရှင်သန်ခွင့်ရခဲ့ကြောင်း အားလုံး လက်ခံကြသည်။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်၊ စည်းရုံးခွင့်နှင့်စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်များ အများဆုံး ခံစားခဲ့ကြရသည်။ သို့ရာတွင် ယခု အတည်ပြု ကျင့်သုံးနေသည့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေမျိုးတခုမျှ မရှိပါ။ စနစ်တကျ စည်းကမ်းနှင့်အညီစီတန်းလှည့်လည်နိုင်အောင် ထိန်းကျောင်းမည့် ရဲ ဥပဒေများကိုသာ ကျင့်သုံးခဲ့သည်။[14] သို့ဖြစ်၍ဖျက်ပစ်ရမည်မှာ ပုဒ်မ (၁၈) တခုတည်းမဟုတ်။ ၂၀၁၁ ခုနှစ်ဒီဇင်္ဘာလ (၂) ရက်နေ့တွင်ပြဌာန်းလိုက်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတခုလုံးကိုဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ နိုင်ငံရေးလောကတွင် ခေတ်စားနေသော ဝေါဟာရတခုမှာ “နောက်ကြောင်း ပြန် မလှည့်ရေး”ဖြစ်သည်။ ယင်းမှာ အဓိပ္ပါယ်နှစ်ခုရှိသည်။ တခုမှာ ယခုလျှောက်လှမ်းနေသော လမ်းကြောင်းသည်မှန်နေသည် ဟူ၍ဖြစ်သည်။ ဤသည်မှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ လမ်းကြောင်းကိုသာ ဆက်လက်လျှောက်လှမ်းသင့်သည်ဟု ဆိုလိုရင်းဖြစ်သည်။ စာရေးသူအနေဖြင့်မူ လုံးဝ (လုံးဝ) ပင်လက်မခံပါ။၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ လမ်းကြောင်းသည် လမ်းကြောင်းမှား ဖြစ်သည်။ 

ယင်းအောက်တွင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဟူသည်မှာ ဝေး၍ ဒီမိုကရေစီပင် မရနိုင်သည့်လမ်းကြောင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးခြင်းကို အသိအမှတ်ပြုရပါမည်။ သို့ ရာတွင်ယင်းမှာ ဒီမိုကရေစီ အတွက် လမ်းကြောင်းတခုကို ဖေါက်ပေးနေခြင်းမဟုတ်။ စစ်အာဏာရှင်များ၏ သနားညှာတာမှုကို ဖေါ်ပြခြင်းသာဖြစ်သည်။ အပြစ်ကင်းမဲ့သည့် နိုင်ငံရေး လှုပ်ရှားသူများအား ထောင်ချခြင်းမှာ မတရားမှုဖြစ်သည်။ စစ်အာဏာရှင်များကျူး လွန်ခဲ့သည့် မတရားမှုများအနက် တခုကို ဖြေလျှော့ပေးလိုက်ခြင်းသာ ဖြစ်သည်။ မတရားမှုကျူးလွန်ခဲ့သည့် စစ်အာဏာရှင် ဟောင်းသစ်များ၏ တာဝန်ရှိမှုကို ဖေါ်ထုတ်ရန် မကြိုးစားဘဲ ပြန်လွှတ်ပေးသည့် အတွက်ပင် ကျေးဇူးတင်ကြောင်း ဖေါ်ပြနေကြရသည်။
ယင်းသို့ ဖြစ်လျှင် စစ်အာဏာရှင်များသည် နောက်ထပ် ဖမ်းလိုက် လွှတ်လိုက်ဆက်လုပ်နေကြပါဦးမည်။ ယင်းသို့ မလုပ်နိုင်တော့စေရန် ဥပဒေဘောင် အခြေခံကို လုံးဝ ပြောင်းရပါမည်။ယခုမူ စိုးစဉ်းမျှ မပြောင်း သေးရုံမက ပိုဆိုးလာနေသည်။ ထို့ ကြောင့် ယခုလျှောက်လှမ်းနေသောလမ်းကြောင်းသည် မမှန်ပါ။

“နောက်ကြောင်းပြန်မလှည့်ရေး” ၏ နောက်ထပ် အဓိပ္ပါယ်တခုမှာ နောက်ကြောင်းပြန်လှည့်လျှင် အခြေအနေဆိုးသွားမည်ဟူ၍ဖြစ်သည်။ အလျှံငြီးငြီးတောက်လောင်နေသော ငရဲတွင်း ထဲတွန်းချခံနေရသူကို ဆီပူဖြင့်ခြောက်လှန့် ခြင်းမျှသာ ရှိသည်။ စာရေးသူအနေဖြင့်မူ နောက်ကြောင်းပြန်လှည့်ရန် လိုကိုလိုသည် ဟု ယူဆသည်။ အတိအကျအားဖြင့် ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ၁၉၆၂ ခုနှစ်အာဏာသိမ်းချိန်အထိ တည်ရှိခဲ့သော ဥပဒေဘောင် အတွင်းသို့ နောက်ကြောင်းပြန်လှည့်ရန်ဖြစ်သည်။

ထိုစဉ်က တည်ရှိခဲ့သော ရဲဥပဒေများသည် လူထု၏ လွတ်လပ်ခွင့်ကိုဖေါ်ဆောင်ပေးရာတွင် ယခုကျင့်သုံးနေသည့် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေထက် အဆတရာကောင်းသည်။ ထိုစဉ်က အလုပ်သမားသမဂ္ဂ ဥပဒေ[15] သည်အလုပ်သမားများ၏ အခွင့်အရေးကို ဖေါ်ဆောင်ရာတွင် ယခုကျင့်သုံးနေ သည့် ၂၀၁၁ ခုနှစ် အလု့ပ်သမားအဖွဲ့ အစည်း ဥပဒေထက် အဆတရာကောင်းသည်။ ထိုစဉ်က မြေယာဆိုင်ရာဥပဒေနှင့် မူဝါဒသည် လယ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာတွင် ယခုဥပဒေနှင့်မူဝါဒများထက် အဆ တရာကောင်းသည်။ [16]ထိုစဉ်ကမြန်မာနိုင်ငံ၏ အချုပ်အခြာဖြစ်သော ၁၉၄၇ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ယခု ၂၀၀၈ဖွဲ့ စည်းပုံထက် အဆတရာကောင်းသည်။

၂၀၁၄ ခုနှုစ် နှစ်ဆန်းတွင် ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူးပွဲတွင်ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းက ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားများအားလုံး ပါဝင်လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုင်းရင်းသားအားလုံး ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွေ့  ပါဝင်လုပ်ခြင်ကြသည်မှာ ဟိုမှာဘက်ကမ်း သို့ လွန်နေသည်။ ပြသနာမှာ အရပ်သားအသွင်ယူ စစ်အစိုးရသည် တဘက်တွင် ဖိတ်ခေါ်နေပြီး အခြားတဘက်တွင် ဥပဒေဘောင်နှင့် အမျိုးမျိုး ချုပ်ချယ်ကန့် သတ်ထားခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်အထိ တည်ရှိခဲ့သော ဥပဒေဘောင်သို့ တိုင်းရင်းသားများအား နောက်ကြောင်းပြန်ပြီး ကျင့်သုံးခွင့်ပေးကြည့်စမ်းပါ။ ယခုလက်ရှိတည်ဆဲ မတရားဥပဒေမှန်သမျှ အလိုလို ပျက်ပြယ်သွားမည်။ တိုင်းရင်းသားပေါင်းစုံ လူထုများလွတ်လပ်ခွင့် ပိုရကြမည်။ ပြည်ထောင်စုကြီး အကျိုးအတွက် ဆထက်ထမ်းပိုး လုပ်နိုင်ကြမည်။

၁၉၆၂ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းခဲ့ခြင်းမှာ ၁၉၄၈ မှ ၁၉၆၂ခုနှစ်အထိ တည်ရှိခဲ့သော ဥပဒေ ဘောင်၏ အားနည်းချက်ကြောင့် ဟူ၍ အကြောင်းပြခဲ့ခြင်း မဟုတ်။ဖက်ဒရယ်ကို ခွဲထွက်ရေးဟု လက်ညှိုးထိုးကာ ပြည်ထောင်စု မပြိုကွဲရေး အကြောင်းပြခဲ့ခြင်းဖြစ်သည်။ယင်းမှာ မှားယွင်းခဲ့ကြောင်း စစ်ခေါင်းဆောင်ဟောင်းသစ်များ ကိုယ်တိုင် ယခုဝန်ခံနေကြရပြီ။ တိုင်းရင်းသားအားလုံး အဆများစွာပိုပြီးလွတ်လပ်ခွင့် ခံစားနိုင်အောင် အဘယ်ကြောင့် ၄င်းဥပဒေဘောင်သို့ နောက်ကြောင်းပြန် မဖေါ်ဆောင်သနည်း။ ရှင်းပါသည်။ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီး ၀ါဒကို ဆက်လက် အသက်သွင်းလို၍ပင်။တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းခေါင်းဆောင်များနှင့် စစ်အစိုးရ ကိုယ်စားလှယ်များအကြားငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ဤကိစ္စများကို တည့်တည့်ဆွေးနွေးရန် လိုပါမည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံ၏ ရုပ်မြင်သံကြား၌ ကေအင်ယူ ခေါင်းဆောင်များနှင့် သမတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရ၀န်ကြီးများ တွေ့ ဆုံဆွေးနွေးကြသည့် ရုပ်ပုံများကို မြင်လိုက်ရသည်။ နေပြည်တော်၌ ဤဆွေးနွေးပွဲ ဖြစ်သွားရခြင်းမှာ ကရင်နှစ်သစ်ကူးပွဲတွင် ဦးအောင်မင်းက သမတနှင့် ကာချုပ်ကို တွေ့ ဆုံသင့်ကြောင်းဖြင့် တိုက်တွန်းခဲ့သဖြင့် သွားရောက်ခြင်းဖြစ်ကြောင်း ကေအင်ယူက ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ်နိုဝင်္ဘာတွင် ကျင်းပခဲ့သည့်လိုင်ဇာ တိုင်းရင်းသားညီလာခံ၏ အဆက်အနေဖြင့် ၂၀၁၄ ဇန်န၀ါရီလ တတိယပတ် အတွင်း ကရင်ပြည်နယ်အတွင်းကေအင်ယူ ထိန်းချုပ်ထားရာဒေသတွင် ဒုတိယ အကြိမ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းပေါင်းစုံ တက်ရောက်မည့်ညီလာခံကြီး တခု ဆက်လက်ကျင်းပရန် ပြင်ဆင်လျှက်ရှိသည်။ လိုင်ဇာညီလာခံတွင် မပါဝင်ခဲ့သည့်ဝသပ ပင် ယခုညီလာခံသို့ တက်ရောက်လာဘွယ် ရှိကြောင်း သတင်းများ ကြားနေရသည်။ လာမည့် ကရင်ပြည်နယ် ညီလာခံတွင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများ အနေဖြင့် လိုင်ဇာညီလာခံ လမ်းကြောင်းကို ထပ်မံအတည်ပြုပြီးအသေးစိပ် သဘောတူညီချက်များ ချမှတ်နိုင်မည် ဆိုပါက စစ်အာဏာရှင်စနစ်နှင့် အရပ်သားအသွင်ယူ စစ်အစိုးရအတွက် ဘေးကြပ်နံကြပ်ဖြစ်သွားနိုင်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေး လမ်းကြောင်းကို လျှောက်ရန် အားကောင်းသည့် ဖိအားများ ပေါ်လာနိုင်သည်။ လူ့ အခွင့်အရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများအား အခြေခံအားဖြင့် သဘောတူညီရမည့် စာချုပ် ပေါ်လာရေးလမ်းကြောင်းကို ဦးတည်သွားနိုင်သည်။

သို့ ဖြစ်၍ ကရင်ပြည်နယ် ညီလာခံ ကျင်းပခါနီးအချိန်နှင့်ကပ်ကာ ဦးသိန်းစိန်၊ ဦးအောင်မင်း တို့ သည် ကေအင်ယူအား နေပြည်တော်သို့ ဖိတ်ခေါ်ဆွေးနွေးခြင်း ဖြစ်ပုံရသည်။ စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအား ဆယ်စုနှစ်များစွာ ကိုင်တွယ်ခဲ့သည့် မဟာဗျူဟာကို လေ့လာခဲ့သည့် အတွေ့အကြုံအရ အစိုးရသည် နေပြည်တော်တွင် အောက်ပါနှစ်ချက်ကို ဖေါ်ဆောင်နိုင်ဘွယ်ရှိသည်။

(၁) တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အရင်ဆုံး လက်မှတ်ထိုးပြီးမှသာ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့ စည်းရေးများ အပါအ၀င် နိုင်ငံရေး မူဘောင်များအား နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးကြရေးကို ကေအင်ယူခေါင်းဆောင်များ လက်ခံစေရန်နှင့် ၄င်းတို့ မှတဆင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များအား ဆက်လက်စည်းရုံးပေးရန်၊ (လိုင်ဇာညီလာခံ၏ ရပ်တည်ချက်ကို ပြောင်းပြန်လှန်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံ ဘောင်အတွင်း ပြန်သွင်းရန်မှာ အဓိက)

(၂) တိုင်းရင်းသားများ ရသင့်ရထိုက်သည့်အခွင့်အရေး[17]မှန်သမျှကို ဆက်လက်ငြင်းပယ်ထားပြီး စီးပွားရေး လုပ်ငန်းများ အပါအ၀င် အခြားအခွင့်အလမ်း[18] များအား ကေအင်ယူ ခေါင်းဆောင်များက လက်ခံစေရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ပြီးနောက် ဆက်လက်ဖေါ်ဆောင်မည့် နိုင်ငံရေးဆွေးနွေးပွဲနှင့် လုပ်ငန်းစဉ် ဟူသည်များအား ကေအင်ယူ ခေါင်းဆောင်များ ကျလောက်သည်အထိ ရှင်းပြရန်။


ဦးအောင်ထူး (ရှေ့နေ) M.A. (Human Rights) R.L

Friday, April 18, 2014

KIA မှ နမ္မတူ - မန်တုံကားလမ်းတွင် ကားသမားထံဆပ်ကြေးကောက်

၂၀၁၄-ခုနှစ်၊ ဧပရယ်လ ၅ ရက်နေ့ နံနက် ၉ နာရီမှ စပြီး နမ္မတူမြို့နယ် ဆိုင်းကောင်းကျေးရွာတွင် နမ္မတူ-မန်တုံ သွားလာသော ကားသမားများထံ ဆပ်ကြေးကောက်ခံနေသည်ဟု သတင်းရရှိပါသည်။


KIA တပ်ရင်း ၃၄ လက်အောက်ခံ နမ္မတူမြို့နယ် ဟိုဆာတိုက်နယ်မှူးမှ ဦးဆောင်ပြီး ဗင်းကား(လိုင်းကား) တစ်စီးကို ၁ သိန်းခွဲ၊ ကုန်ကား (ကားကြီး) တစ်စီးကို ၁၀ သိန်းဖြင့် ကောက်ခံနေကြောင်း၊ ယနေ့တစ်ရက်တည်းပင် ဗင်းကားအစီးပေါင်း ၃၀၊ ကုန်ကား အစီးပေါင်း ၁၇ စီးကောက်ခံပြီဖြစ်ကြောင်း သိရပါသည်။


ကောက်ခံရရှိသော ဆပ်ကြေးငွေကို ဗင်းကားတစ်စီး ၁ သိန်းခွဲထဲမှ KIA ဗဟိုဌာနချုပ်သို့ ၁ သိန်း ၅ သောင်းကို တိုက်နယ်မှူးအတွက်သော်လည်းကောင်း ကုန်ကားတစ်စီး ၁၀ သိန်းထဲမှ ၈ သိန်းကို ဗဟိုဌာနချုပ်သို့သွင်းပြီး ၂ သိန်းကို တိုက်နယ်မှူးအတွက်သော်လည်းကောင်း တိုက်နယ်မှူးကိုယ်တိုင်ရှင်းလင်း ကောက်ခံခဲ့သည်။


ဗင်းကားသမားတစ်ဦးက “လိုင်းကားမောင်းတာ တခေါက်မှ ၅ သောင်းလောက်ဘဲကျန်တယ်၊ တစ်စီးကို ၁ သိန်းခွဲကောက် တော့ အခက်အခဲတကယ်ရှိတယ်၊ ဟင်းဖိုး၊ ဆေးလိပ်ဖိုးအတွက် တစ်စီးကို ၁ သောင်းနှစ်သောင်းလောက်ဆိုရင် တော်သေးတယ်၊ အခုဟာက များလွန်တယ်၊ ကုန်ကားသမားဆို ပိုဆိုးပေါ့” ဟု တအာင်းမြေသတင်းဌာနကို ပြောပြပါသည်။


နမ္မတူ-မန်ုတုံသွားသည့် ကားသမားများသည် မန်တုံမှ ထွက်ရှိသောလက်ဖက်နှင့် ခရီးသည်များကို တင်ဆောင်ပြီး လားရှိး၊ နမ္မတူမှ စားသောက်ပစ္စည်းများ တင်ဆောင်ပြေးဆွဲနေကြောင်း ဖြစ်သည်။ 

Friday, April 4, 2014

အစိုးရတပ်နှင့် TNLAတပ်ရင်းတို့ ကွတ်ခိုင်ဒေသတိုက်ပွဲဖြစ်

နှစ် (၅၀) ပြည့် တအာင်းတော်လှန်ရေးနေ့ပုံ
ကွတ်ခိုင်မြို့နယ် မန်နိမ်အုပ်စု သာပန်းကုန်းရွာအနီးတွင် အစိုးရတပ်နှင့် TNLA (၁၀၁)တပ်ရင်းတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
 
“တိုက်ပွဲက မနက် ၃ နာရီကနေ ၃ ခွဲအထိတစ်ကြိမ်၊ဒီနေ့လည် ၁၀-နာရီ ၂၀မိနစ်ကနေ ၁၁-နာရီအထိ တစ်ကြိမ် ၂ကြိမ်တိတိဖြစ်တယ်၊ ကျတော်တို့ဘက်တော့ အထိအခိုက် မရှိပါဘူး အစိုးတပ်ဘက်မှအထိအခိုက်မသိရှိရသေးပေ’’ဟု TNLA (၁၀၁)တ...ပ်ရင်းရင်းမှူးမှ အတည်ပြုပြောဆို။
 

တိုက်ပွဲတွင်ပါဝင်ခဲ့သော အစိုးရတပ်မှာ အင်အား ၄၀ ကျော်ရှိ ခလရ (၄၅)တပ်ရင်းနှင့် ၀ါယော့ပြည့်သူ့စစ်ခန်းမှ အင်အား(၆၀)ကျော်ရှိ ပန်ဆေးပြည့်သူ့စစ်လက်အောက်ခံ ၀ါယော့ပြည့်သူ့စစ်များဖြစ်သည်။
၎င်းနယ်မြေသည် TNLAမှ ပုံမှန် လုံခြုံရေးကင်းလှည့်သည့် နယ်မြေဖြစ်ပြီး ပန်ဆေးပြည့်သူ့စစ်မှလည်း စိုးမိုးထားသည့် ဘိန်းစိုက်ပျိုးနယ်မြေဖြစ်သည်။

Thursday, April 3, 2014

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုပါဝင်မှု များစွာလိုအပ် အစိုးရမှ ပိတ်ပင်မှုများရှိဟု အရပ်ဘက်အဖွဲ့အစည်းများ ပြော



ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လူထုပါဝင်မှု များစွာလိုအပ်နေသော်လည်း အစိုးရမှ ပိတ်ပင်ဟန့်တားမှု များရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းလေးဖွဲ့က ဧပြီလ ၁ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ဂျာ နယ်လစ်ဇင်စကူးတွင် ပြုလုပ်သော “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုပါဝင်ရေးဆွေးနွေးပွဲ” တွင် ပြောခဲ့ ကြသည်။

ထိုဆွေးနွေးပွဲသို့ တအာင်းကျောင်းသားလူငယ်များအဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့၊ ကယားပြည်နယ် ငြိမ်း ချမ်းရေး စောင့်ကြည့်လေ့လာရေးကွန်ရက်၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့တို့မှ ပါဝင် ဆွေးနွေးခဲ့ကြသည်။

လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ကိုရန်နိုင်ထွန်းက “နှစ် ၆၀ ကျော်ကြာ ဖြစ်နေတဲ့ စစ်ပွဲတွေမှာ အပစ်အခတ်ရပ်စဲရေးတွေ လုပ်နေပေမယ့်လည်း ပြည်သူတွေ မပါဝင်တဲ့အတွက် အခုထိ ထိထိရောက် ရောက်ဖြစ်နေတာ တစ်ခုမှမရှိဘူး။ လက်ရှိပြဿနာက ပြည်သူက ပါဝင်ချင်တယ်။ ဒါပေမဲ့ အစိုးရက အဟန့်အတားတွေ လုပ်ထားတယ်။ ဆိုလိုတာက ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်တယ်။ နောက်ဆုံးရလဒ်က ငြိမ်းချမ်းရေးမှာတော့ ဘာမှမထူးခြားလာ ဘူး”ဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပြည်သူများ ပါဝင်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ကိုယ်တိုင်ပါဝင်နေသော အဖွဲ့အစည်းများမှ လှုံ့ဆော်ဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်နေပြီး ပြည် သူအားလုံး၏သဘောထားနှင့် ဆွေးနွေးတင်ပြချက်များကို နိုင်ငံတော်အဆင့်ထိ ထိရောက်သော ငြိမ်းချမ်း ရေးဆိုင်ရာအဖွဲ့တစ်ဖွဲ့ ထားရှိရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် အောင်မြင်သော ငြိမ်းချမ်းရေး ရရှိမည်ဖြစ်သည်ဟု တအာင်းကျောင်းသားလူငယ်များအဖွဲ့မှ ကိုမိုင်မျိုးအောင်က ပြော သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုပါဝင်မှုသည် အသင်းအဖွဲ့မျှသာ ရှိနေသောကြောင့် ငြိမ်းချမ်းရေးတွင် လူထုပါဝင်ရန် အစိုးရမှ အများကြီး လမ်းဖွင့်ပေးရန်လိုသည်ဟုလည်း ကယားပြည်နယ် ငြိမ်းချမ်းရေးစောင့် ကြည့်လေ့လာရေးကွန်ရက်က ဆိုသည်။

နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အခြေခံလူတန်းစားများ၏ ပါဝင်မှုအခန်းကဏ္ဍတစ်ရပ်ရှိရမည်ဟု အင်္ဂလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့(The Elders) က မတ်လ ၂၄ မှ ၂၈ ရက်ထိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ် ခရီးစဉ်အတွင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

အဆိုပါကြေညာချက်တွင် ဆယ်စုနှစ်ပေါင်းများစွာရှိနေသည့် အချင်းချင်း ယုံကြည်မှုကင်းမဲ့ခြင်းအား ကျော် လွှားရန်နှင့် မြန်မာနိုင်ငံ လူဦးရေ အတွင်းရှိ ကွဲပြားမှု အမျိုးမျိုးနှင့် ပင်ကိုစွမ်းရည်များအား ထင်ဟပ်စေရန်၊ မြန်မာအစိုးရအနေဖြင့် လူအများ ပူးပေါင်းပါဝင်မှု ပိုမိုကြီးမားလာစေရေး ကြိုးပမ်းအားထုတ်ရန် စသည်ဖြင့် တိုက်တွန်းထားသည်။

Tuesday, April 1, 2014

ပြည်တွင်းစစ်များ မကြာမီနိဂုံးချုပ်မည်ဟု သမ္မတဦးသိန်းစိန် အခိုင်အမာယုံကြည်

မတ်လ(၂၆)ရက်နေ့၌ သမ္မတဦးသိန်းစိန်၏ တာဝန်ထမ်းဆောင်မှု သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သည့် သမ္မတမိန့်ခွန်း၌ ပြည်တွင်းစစ်များနိဂုံးချုပ်တော့မည်ဟု အခိုင်အမာယုံကြည်ကြောင်း ထည့်သွင်းပြောကြား လိုက်သည်။

 “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာတာနဲ့ အမျှ သက်ဆိုင်တဲ့ တိုင်းရင်းသား တွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက် မဲ့သွား နိုင်တာကို ကျွန်တော်တို့ အထူးဂရုပြုကြဖို့ လိုပါတယ်။ နှစ်ပေါင်း (၆ဝ) ကျော်ကြာခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံတွေကို မကြာမီ ကာလမှာ နိဂုံးချုပ်နိုင်လိမ့်မယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ဟု သမ္မတဦးသိန်းစိန်က ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။






အဆိုပါမိန့်ခွန်းတွင်လည်း “အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဟု သုံးစွဲခဲ့ပြီး ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ခွဲဝေအပ်နှင်းထားသည့် ဥပဒေပြုစာရင်းများ မဖြစ်မနေပြင်ဆင်ရွှေ့ပြောင်းပေးရမည် ဖြစ်ပြီး တိုင်းရင်းသား အခွင့်အရေး၊ ပြည်နယ်အခွင့်အရေးတိုးမြင့်လာစေရန်လည်း စီမံပေးကြရမည်ဟု ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းရေးဆွဲနိုင်ရေးအတွက် လာမည့်ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကိုယ်စားပြုဖွဲ့စည်းထားသည့် NCCT အဖွဲ့ ဆွေးနွေးရာတွင် တပ်နေရာချထားရေး အတွက် အခက်အခဲရှိနိုင်မည်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့က ဆိုသည်။

 “အနာဂတ်အရေးမှာ စီမံခန့်ခွဲတဲ့နေရာမှာ အဓိကကတော့ အန်ကယ်တို့ တောင်းဆိုနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ဘယ်လိုအသွင်ဖော်ဆောင်မလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုဖြတ်ကျော်မလဲ၊ နောက် အနာဂတ်မှာ တပ်တွေကို ဘယ်လို နေရာချထားမလဲဆိုတဲ့ကိစ္စတွေကတော့ နည်းနည်းပြသနာရှိနိုင်တဲ့ ကိစ္စတွေပဲ ဟု NCCT ခေါင်းဆောင် နိုင်ဟံသာကလည်း မတ်လဆန်းပိုင်းက မီဒီယာများသို့ ပြောကြားထားသည်။
သမ္မတဦးသိန်းစိန်မှလည်း ယခုအချိန်သည် နိုင်ငံ၏သမိုင်းစဉ်၌ အကောင်းဆုံးနှင့် အရေးကြီးဆုံးအချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သေးသည်။

ကျွန်တော်တို့ နိုင်ငံ့ရဲ့သမိုင်းစဉ်မှာ အကောင်းဆုံးနဲ့ အရေးကြီးဆုံး အချိန်အခါကို ရောက်ရှိ နေပြီဖြစ်တဲ့ အတွက်  ဒါကို ကျွန်တော်တို့ တန်ဖိုးထားကြရပါမယ်။ ကျွန်တော်တို့ စည်းလုံး ညီညွတ်စွာနဲ့ နိုင်ငံတော်ကို တည်ဆောက်ကြရမယ့် အချိန် အခါကောင်းပဲ ဖြစ်ပါတယ်။ အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်ကြီးသုံးရပ်တို့အနေနဲ့ ဆောင်ရွက်ခဲ့မှုများအပေါ် ပကတိအတိုင်း ပြန်လည် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူကြရပါမယ်။ ဟု သမ္မတကြီးက ပြောသည်။

လက်ရှိအချိန်၌ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိထားသည့် လက်နက်ကိုင်အဖွဲ့မှာ(၁၄)ဖွဲ့ ရှိနေပြီး KIA,TNLA တို့မှာ အစိုးရတပ်မတော်နှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။

Thursday, January 23, 2014

တအာင်း (ပလောင်) ဘုံစာပေ တခုတည်းဖြစ်ရေး ဆွေးနွေး



တအာင်း (ပလောင်) ဘုံစာပေနှင့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာရေး ညီလာခံ အပါအ၀င် ရွှေဖီလက်ဖက် ရာသီပွဲတော်ကို ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကျင်းပ ပြီးစီးခဲ့ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဥက္ကဌ တာဝင်ကျော်က ပြောသည်။

တအာင်းဘုံစာပေနှင့် ဘာသာစကား၊ ယဉ်ကျေးမှုများ သတ်မှတ်ရန် မြန်မာနိုင်ငံ
...လုံးဆိုင်ရာ (၁၀) ကြိမ်မြောက် တအာင်းစာပေ ယဉ်ကျေးမှု ညီလာခံအား လွန်ခဲ့သည့် မတ်လ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ ရာ လူတစ်သောင်းကျော် တက်ရောက်ကြောင်း တာဝင်ကျော်က ပြောဆိုသည်။


“ကျနော်တို့ တအာင်း အမျိုးသားတွေ အတွက် တစ်ခုတည်းသော ဘုံ စာပေ၊ ဘာသာ စကား နဲ့ ယဉ်ကျေးမှုတွေ ရှိဖို့ လိုအပ်နေတဲ့ အတွက်ကြောင့် (၄) နှစ် တစ်ကြိမ် တအာင်း စာပေ ယဉ်ကျေးမှု ညီလာခံကို ပြုလုပ်ပေး လေ့ရှိခဲ့တယ်။ ဒီနှစ်ဆို (၁၀) ကြိမ်မြောက် ညီလာခံပင် ဖြစ်လာခဲ့ကြောင်း” ပြောဆိုသည်။

အဆိုပါ ညီလာခံအား ၁၉၇၂ ခုနှစ်က တအာင်း မျိုးချစ်ပုဂ္ဂိုလ် တာပေါ့လ်ဆံမှ ဦးဆောင် ကျင်းပခဲ့ပြီး တအာင်း ဘုံ ဘာသာစကား၊ စာပေ အဖြစ် စန်းလုံ (Samlong) ကို အသုံးပြု သွားမည်ဖြစ်ကြောင်း ရွေးချယ် အတည်ပြုနိုင်ခဲ့သည်။

တအာင်း အမျိုးသားများ အသုံးပြုနေသော စာပေတွင် စန်းလုံ (Samlong) နှင့် ရူးမိုင်း (Rumai) ဟူ၍ နှစ်မျိုး နှစ်စား ရှိပြီး ယင်း စာပေ ၂ မျိုးကို တစ်မျိုးတည်း ဖြစ်ပေါ်လာရန် တအာင်း အမျိုးသားများက ကြိုးပမ်း နေခြင်းဖြစ်ကြောင်း တာဝင်ကျော်က ဆိုသည်။

“ပလောင် လူမျိုးမှ တအာင်း လူမျိုး အဖြစ်သို့ သုံးစွဲခေါ်ဆိုသွားဖို့ တူညီသော အမြင် တစ်ခုအဖြစ် လက်ခံခဲ့ပြီးဘဲ။ စာပေ ကျတော့ တစ်ခုဖြစ်လာဖို့ လိုပါတယ်။ အဲတာကြောင့် ဘယ်လို ပူးပေါင်း လုပ်ဆောင် သွားကြမှာလဲ တအာင်း အမျိုးသား ခေါင်းဆောင်များရဲ့ အမြင်တွေ ဖလှယ်နိုင်ဖို့ ဒီ ညီလာခံကို ကျင်းပလာခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်းကိစ္စအပေါ် တအာင်းပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF ဥက္ကဌ ဖြစ်သူ တာအိုက်ဘုန်းက စန်းလုံ (Samlong) စာပေအား ဘုံစာပေ အဖြစ် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀) ကျော် ကတည်းက သတ်မှတ်လာခဲ့ သောကြောင့် ဆက်လက် အတည်ပြု သွားကြရန် တိုက်တွန်း ပြောဆိုသည်။

“တအာင်း အမျိုးသား တစ်ရပ်လုံး အတွက် ကြည့်ပြီး တအာင်းစာပေလည်း တစ်ခု ဖြစ်သွား စေချင်တယ်။ ဒါ့အပြင် တအာင်းအမျိုးသားနေ့ သတ်မှတ်သွားနိုင်ဖို့ အရေးကို ဆက်လက် ဆောင်ရွက်သွားဖို့ ကျန်ရှိနေသေးတယ်” ဟု ဆိုသည်။

ထို့အပြင် တအာင်း လူမျိုးများ၏ နာမည်ရှေ့တွင် အမျိုးသားများ အတွက် “မိုင်”၊ အမျိုးသမီးများ အတွက် “လွေး” တို့ကို အသုံးပြု ခေါ်ဆိုသွားရန်နှင့် တအာင်း စစ်ဖက် အရပ်ဖက် အရာရှိများ အပါအ၀င် အသက် (၇၀) ကျော် တအာင်း အဘိုးအိုများကိုမူ “မိုင်” အစား “တာ” ဟု သုံးစွဲကြရန် ချမှတ်ထားသည်ဟု သိရကြောင်း တာအိုက်ဘုန်း က ပြောဆိုသည်။