Saturday, July 24, 2010

နမ့်ခမ်းမြို့တွင် ဆိုင်ကယ်ဘီးလိမ့်ခွန်များ ကောက်ခံ

နမ့်ခမ်းမြို့၊ မန့်နားရပ်ကွက်တွင် ဆိုင်ကယ်ဘီးလိမ့်ခွန်များကို ဆိုင်ကယ်တစ်စီးလျှင် သုံးထောင်ကျပ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံကောက်ခံနေပြီး ကောက်ခံနေစဉ် မပေးဆောင်နိုင်ပါက စည်ပင်ရုံးတွင် ကျပ်ငွေတစ်သောင်း ပေးဆောင်ရသည်ဟု သိရှိရပါသည်။


“ဘီးလိမ့်ခွန်ကို အိမ်မှာလာကောက်တဲ့အချိန် မဆောင်ဘူးဆိုရင်တော့ စည်ပင်ရုံးကို ကျပ်ငွေတစ်သောင်းပေးဆောင်ရမယ်” ဟု စည်ပင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုင်းမြတ်မှ ပြောသွားပါသည်။

ပုံမှန်အားဖြင့် သတ်မှတ်ရက်လွန်ပါက ဒဏ်ငွေပေးရသည်မှာ မှန်သော်လည်း ယခုအခါတွင်မူ သတ်မှတ်ရက် လွန်သည်ဖြစ်စေ မလွန်သည်ဖြစ်စေ အိမ်မှာလာကောက်ခံစဉ် မပေးဆောင်ဘဲ စည်ပင်ရုံးတွင် သွားရောက်ပေးဆောင်မည်ဆိုပါက တစ်သောင်းပေးရ မည်ဖြစ်သည်။ ဘာကြောင့်ယခုကဲ့သို့ ပေးဆောင်ရမှန်းကိုမူ မသိရှိရပေ။

ဘီးလိမ့်ခွန် နှစ်ခါဆောင်ခဲ့ရသူ နယ်မြေခံတစ်ဦးကတော့ “ဇူလိုင်လ ၇ ရက်နေ့တုန်းက စည်ပင်ရုံးကိုသွားပြီး ဘီးလိမ့်ခွန် သုံးထောင်သွားဆောင် ထားပြီးပြီ။ ဒါပေမယ့် ဇူလိုင်လ၂၅ရက်နေ့မှာ စည်ပင်အဖွဲ့က ကျနော်အိမ်မှာ အခွန်မဆောင်ရသေးဘူးဆိုပြီး လာထပ်တောင်းတယ်။ ကျနော်က စည်ပင်ရုံးမှာ သွားဆောင်ထားပြီးပြီလိုပြောတော့ စည်ပင်အဖွဲ့ဖြစ်တဲ့ ဦးအိုက်ကျော်က အခွန်ဆောင်ပြီးလျှင် ဘီးလိမ့်ခွန်ကဒ်ပေးတယ်၊ ခင်ဗျားက မဆောင်သေးလို့ ကဒ်မရှိတာပေါ့၊ ဒါကြောင့် ကျနော်တို့ လာရောက်ကောက် တာလို့ပြောတယ်။ ဒါနဲ့ ကျနော် နောက်ထပ် သုံးထောင် ထပ်ပေးလိုက်ရတယ်”ဟု ပြောခဲ့ပါသည်။

0 comments: