Friday, July 12, 2013

ဖက်ဒရယ် ပြည်ထောင်စု သဘောတရားဆိုတာ ဘာလဲ

ဖက်ဒရယ်ဆိုတာ သဘောတူညီသည့် စာချုပ်လို့အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား 'foedus' မှဆင်းသက်လာပြီး သဘောတူညီမှု "covenant" လို့ အဓိပ္ပါယ်ထွက်ပါတယ်။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို အခြေခံလို့ နိုင်ငံတခုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြတာပဲ ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စုစနစ်မှာ တဦးတဖွဲ့ချင်း အသိအမှတ်ပြုခြင်းနဲ့ ခွဲခြားလို့မရဘဲ တစည်းတလုံးတည်း တန်းတူရည်တူဖြစ်မှုဟာ တပြိုင်နက်တည်း တည်ရှိနေပါတယ်။ (Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင် တည်ဆောက်နေကြသူအားလုံးက ငါတို့အတူတကွ ပူးပေါင်းနေထိုင်ကြစို့ပါလို့အားလုံးက မိမိတို့ရဲ့ဆန္ဒသဘောထားကို အလိုအလျှောက် ဖော်ထုတ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနဲ့ကိုယ် (voluntarily) ပါဝင်ဆောင်ရွက် သဘောတူညီကြရပါတယ်။ ဒီဥပဒေရေးရာ ၀ိညာဉ်ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ သဘောထား (concept) ကျမှ လက်တွေ့လုပ်လို့ရပါတယ်။

ဒီစနစ်ဟာ နိုင်ငံတနိုင်ငံမှာ မတူကွဲပြားနေတဲ့ လူမျိုးများ၊ ပြည်နယ်များ၊ အုပ်စုများက အတူတကွစုစည်းလို့ အချုပ်အခြာအာဏာကို ခွဲဝေအုပ်ချုပ်တဲ့ အယူအဆတရပ်လည်း ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တနိုင်ငံလုံးနှင့် သက်ဆိုင်တဲ့အဖွဲ့ဝင် ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ဗဟိုပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရအဖြစ် ဖွဲ့စည်းထူထောင် ထားကြပါတယ်။
သက်ဆိုင်ရာအစိုးရ အသီးသီးတိုင်းဟာ အချုပ်အခြာအာဏာကို အားလုံးရဲ့ သဘောတူညီမှုများနဲ့ ခွဲဝေအပ်နှင်းထားတဲ့အတိုင်း အပြည့်အ၀ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ အဖွဲ့ဝင် ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရာမှာ ဘယ်သူကမျှ လွှမ်းမိုးမှုမရှိစေရဘဲ ဆောင်ရွက်ရမယ့်မူကို အဓိက ဖော်ဆောင်ကြရပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံသေ တသမတ်တည်းမယူဆရဘဲ၊ အချင်းချင်း အပေးအယူ၊အလျော့အတင်းများရှိကြပါတယ်။ အရေးကိစ္စရပ်တိုင်းကို ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်း စဉ်းစားညှိနှိုင်း ဆွေးနွေးကြရပါတယ်။ အဖွဲ့ဝင်များရဲ့သဘောတူညီချက်နဲ့သာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အုပ်ချုပ်ကြရပါတယ်။ အဖွဲ့ဝင်ပြည်နယ်များအတွင်း စုစည်းညီညွတ်မှုဟာ စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုတွေကို အခြေခံရပါတယ်။
 
ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-Rule) နဲ့ မျှဝေ အုပ်ချုပ်ခြင်း (Shared-Rule) တို့ပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်နယ်များအချင်းချင်း စိတ်တူကိုယ်တူ သဘောတူလက်ခံတဲ့ ဘုံသဘောတူညီတဲ့ စိတ်ဓါတ်တူညီမှု ရှိရေးဟာ အဓိကကျပါတယ်။ သဘောတရားညီညွတ်မှ အလုပ်ညီညွတ်ပါမယ်။ အတွေးအခေါ်ရှိရှိ လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်ပါမယ်။ ဒီနေရာမှာ အမျိုးသားအသီးသီး တန်းတူညီမျှဖို့၊ စည်းလုံးညီညွတ်ဖို့နဲ့ အတူတကွ တိုးတက်ကြီးပွားဖို့မူကို အခိုင်အမာ လိုက်နာရပါလိမ့်မယ်။ လူမျိုးတိုင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို နိုင်ငံတော်က အပြည့်အ၀ အလေးထားကာ အာမခံပေးနိုင်ရပါမယ်။

နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းရပ်တစုံလုံးကို အလုပ်အကျွေးပြုရေးအတွက် ကိုယ့်ဒူးကိုယ်ချွန် အဆင်းရဲအပင်ပန်းခံ လုံးပမ်းတဲ့စိတ်ဓါတ်ထားကာ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအရ စီးပွားရေးနဲ့ ယဉ်ကျေးမှုကို မြှင့်မားလာဖို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီ မြင့်မြင့်မားမားရှိတဲ့ နိုင်ငံအဖြစ်ထူတောင်နိုင်ဖို့ အရေးကြီးတဲ့ နိုင်ငံရေးစနစ်တရပ်လည်း ဖြစ်တယ်ဆိုတာကို နုလုံးသွင်းကြရပါမယ်။
ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာ ပြည်နယ်များစုပေါင်းထားတဲ့စနစ်ဖြစ်လို့ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုပါလီမန်၊ ပြည်ထောင်စုတရားရုံးတို့နဲ့ ပြည်ထောင်စုအဆင့်မှာ ဖွဲ့စည်းထားသလို ပြည်နယ်များအတွက်လဲ ပြည်နယ်အစိုးရ၊ ပြည်နယ်ပါလီမန်၊ ပြည်နယ်တရားရုံးတို့နဲ့ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုရဲ့ သဘောတရားကိုယ်၌က မိမိတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မိမိတို့ကိုယ်စား ဘုံလုပ်ငန်းအကျိုးစီးပွားကို အကောင်အထည် ဖော်ဆောင်မယ့်သူကို လွှဲအပ်လုပ်ဆောင်စေတာဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးစနစ်တရပ်ကို ကျင့်သုံးခြင်းဟာ ပြည်သူ့အုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီကို ပိုမိုအားကောင်းလာစေပါတယ်။ ဒီမိုကရေစီရှိရှိ ပြည်ထောင်စုစစ်စစ် နိုင်ငံတော်ကို ထူထောင်နိုင်ပါမယ်။
နိုင်ငံရဲ့ နိုင်ငံရေးစနစ်တရပ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကို ချမှတ်ကျင့်သုံးရာမှာ အရေးကြီးတဲ့ အခြေခံမူ ၃ ချက်ကို လိုက်နာကျင့်သုံးကြပါတယ်။

(က) လွတ်လပ်မှု
လူတိုင်း လွတ်လွတ်လပ်လပ် ပါဝင်လာနိုင်စေဖို့ လွတ်လပ်မှုကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးရပါတယ်။ လွတ်လပ်မှုကို ကျင့်သုံးတဲ့နေရာမှာလည်း တခြားသူများရဲ့ အကျိုးကို ထိခိုက်နစ်နာစေတဲ့ လုပ်ငန်းရပ်တွေ မပါစေရပါဘူး။ ဒီမိုကရေစီ အခြေခံလွတ်လပ်မှုတစုံလုံးရှိရပါမယ်။

(ခ) ပူးပေါင်းပါဝင်ဆောင်ရွက်မှု
ဆန္ဒအလျှောက် ပူးပေါင်းပါဝင်တာမျိုးဖြစ်ရပါမယ်။ ဘယ်မူဝါဒကိုမဆို ချမှတ်ထားတဲ့နေရာမှာ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင် ဖယ်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကို ရောက်ဖို့မလွယ်ကူပါဘူး။ ပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီကျင့်သုံးရာမှာ အများဆုံးတွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဒီမိုကရေစီ သဘောတရား အခြေခံကို စနစ်တကျ လိုက်နာရပါတယ်။

(ဂ) ကောင်းမွန်သည့် အစိုးရတရပ်
စီမံအုပ်ချုပ်မှု ကောင်းမွန်တယ်ဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တရားမျှတ နည်းလမ်းကျစွာ စီမံခန့်ခွဲတာကို ခေါ်ပါတယ်။ အဂတိတရား လုံးဝကင်းရှင်းရပါမယ်။ စစ်စစ်မှန်မှန် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာ ဖြစ်ရပါမယ်။ စစ်မှန်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး ဖြစ်ရမယ်။ တရားမျှတတဲ့ အာဏာခွဲဝေမှုမျိုး ရှိရပါမယ်။

ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ အုပ်ချုပ်လျှင် ဗဟိုပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့ဟာ အရာရာတိုင်းမှာ ဆွေးနွေးမှုနဲ့သဘောတူညီမှုအပေါ်မှာ အခြေခံရပါတယ်။ ဒီသဘောတူဆုံးဖြတ်ချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေကသာ အာမခံထားရပါတယ်။ ပြည်ထောင်စု စနစ်ဟာ စေ့စပ်ညှိနှိုင်းမှုမှာ အလွန်အရေးကြီး ပါတယ်။ ညှိနှိုင်းမှုမရှိ၊ အလျော့အတင်းမရှိလျှင် ဘယ်လိုမှ ရှေ့ဆက် လျှောက်လှမ်းနိုင် မှာမဟုတ်ပါ။ ညှိနှိုင်း အဖြေရှာလိုတဲ့ စိတ်ရင်း ဆန္ဒရှိရပါမယ်။ တဖက်နှင့် တဖက် အပြန်အလှန် လေးစား အပြန်အလှန် အသိအမှတ်ပြုရပါမယ်။ သည်းခံ စိတ်ရှည်မှု့နဲ့သာ ညှိနှိုင်းဆောင်ရွက်ကြရပါမယ်။ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ဖို့ဆိုလျှင် တဖက်လူရဲ့ ဆန္ဒကိုလည်း လေးစားရမယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ်ချည်း လျှောက်လှမ်းလို့ မရပါ။ အားလုံးသဘောတူညီမှုအပေါ် အခြေခံပြီး စိတ်ရှည်ရှည်ထား ဆောင်ရွက်သွား ရန်လိုပါတယ်။

Tuesday, June 11, 2013

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅ ) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးပွဲအား ဇွန် ၁၁ ရက်က တောင်ကြီးမြို့ရှိ ကျားဖြူပါတီ ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ၁၅ ခုမှ ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ပြီး ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ညီနောင်ပါတီတွေရဲ့ ဆွေးနွေးပွဲ ကျင်းပတာ (၁၅) ကြိမ် ရှိပါပြီ။ ဆွေးနွေးပွဲ ရလဒ်တွေကို မနက်ဖြန် ညနေမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဆွေးနွေးနေတဲ့ အချိန်မှာတော့ သတင်းယူခြင်း မပြုရန် မေတ္တာရပ်ခံပါတယ်။ ညနေပိုင်းမှာတော့ တောင်ပေါ်သား ဟိုတယ်မှာ လွတ်လွတ်လပ်လပ် သတင်းမေးမြန်း ရယူနိုင်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းသို့ ၀င်ရောက်ရန် အခြားပါတီ ခြောက်ခုကလည်း လုပ်ဆောင်နေပြီး ယင်းပါတီများမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အရှိုချင်း အမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်နှင့် "၀" ဒီမိုကရေစီ ပါတီတို့ ဖြစ်သည်။
ဆွေးနွေးပွဲ သတင်းရယူရန် မီဒီယာ ခုနစ်ခုမှ သတင်းထောက်များ ရောက်ရှိနေပြီး ပီအာစနစ် ကိစ္စနှင့် ဖက်ဒရယ်ပြည်ထောင်စု ကိစ္စများကို အဓိက ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် မေ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ် မူတည်ပြီး NBF ၏ ရှေ့ဆက်သွားမည့် မူဝါဒများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအပေါ် ကူညီနိုင်မည့် အချက်များကိုလည်း ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ တရားဝင် ညီနောင်တိုင်းရင်းသား ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်းအမျိုးသား ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်သည်။
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းသို့ ၀င်ရောက်ရန် အခြားပါတီ ခြောက်ခုကလည်း လုပ်ဆောင်နေပြီး ယင်းပါတီများမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အရှိုချင်း အမျိုးသား ပါတီ၊ တအောင်း (ပလောင်) အမျိုးသား ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်နှင့် "၀" ဒီမိုကရေစီ ပါတီတို့ ဖြစ်သည်။

Sunday, March 3, 2013

စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေး ရေးကို တံခါး ဖွင့်ထားဟု ပလောင် (တအာင်း) အဖွဲ့ ပြောကြား

မြန်မာ အစိုးရ ဘက်မှ လေးနက် စစ်မှန်သော ယုံကြည် မှုဖြင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် ဖိတ်ခေါ် ဆွေးနွေး မှုများ ပြုလုပ် လာမည် ဆိုပါကာ တံခါးဖွင့် ထားကာ လက်ခံ ကြိုဆို သွားရန် အသင့် ရှိကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦးမှ ပြောခွင့်ရ ဗိုလ်မှူး တာဘုန်းကျော်မှ ရွှေဟင်္သာ သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

“ဗမာ အစိုးရ ဘက်က တစ်ကယ် ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ဆန္ဒ ရှိတယ် လုပ်မယ် ဆိုရင်တော့ ကျွှန်တော်တို့ ဘက်က ကျွှန်တော်တို့ သဘော ထားကို အမြဲတမ်း ကြေငြာ ထားပြီးသား ဖြစ်ပါတယ်၊ နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အမြဲတမ်း လက်ကမ်း ကြိုဆို ပါတယ်” ဟု ပြောခွင့် ဗိုလ်မှူး တာဘုန်းကျော်မှ ပြောသည်။

ဖေဖော်ဝါရီ လဆန်း၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ဆီသို့ လိပ်မူကာ ဦးအိုက်မုန်း ခေါင်းဆောင်သည့် ပလောင် တိုင်းရင်းသား (ငြိမ်းချမ်းရေး) အဖွဲ့မှ ပေးပို့ လာသည့် စာအပေါ် တုန့်ပြန်၍ သဘောထား မှတ်ချက် ပေးခဲ့ ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း ရှမ်းပြည်နယ် တွင်းရှိ ပလောင် ဒေသ အပါအဝင် အခြားဒေ များသို့ အစိုးရ တပ်ဘက်မှ စစ်ရေး အင်အားများ တိုးချဲ့ ချထား လာနေကာ လှုပ်ရှား စစ်ကြောင်း များနှင့် ဒေသ အခြေစိုက် လက်နက်ကိုင် တပ်များ ဖြစ်သည့် ရှမ်း၊ ပလောင် တပ်ဖွဲ့ များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွား နေကြသည့် အနေ အထား၌ ရှိနေ ဆဲပင် ဖြစ်သည်။

“ကျွှန်တော်တို့ အပြန်အလှန် ညှိနှိုင်း ကြမယ် ဆွေးနွေး ကြမယ်၊ ညှိနှိုင်း ကြမယ် ၊ ရိုးရိုး သားသားနဲ့ ဆွေးနွေး ကြမယ် ဆိုရင် ဒါမျိုး တွေ လုပ်စရာ မလို ဘူးလို့ ကျွှန်တော် ပြောချင်တယ်၊ အခု ကချင် ဘက်ကိုရော ကျွှန်တော်တို့ ရှမ်း၊ တအာင်း/ ပလောင် ဘက်ကိုရော စစ်အင် အားတွေ တအား တိုးချဲ့ လာနေ တာက ဒါက ငြိမ်းချမ်းရေး အတွက်တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ကျွှန်တော် ပြောချင်တယ်” ဟု ဗိုလ်မှူး တာဘုန်းကျော်မှ ပြောသည်။

နောက်ဆုံး အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၀) ရက်နေ့၌ အစိုးရ စစ်ကြောင်းနှင့် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး လက်အောက်ခံ လက်နက် ကိုင်တပ် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့များနှင့် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် (၂) နာရီကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်။

၎င်းနောက်မှ ဖေဖော် ဝါရီလ (၁၁) ရက်နေ့တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ၄င်း လက်အောက်ခံ တပ်ဖွဲ့ များအား ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဦးအောင်မင်းတို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ် များနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးရန် ရှိနေသဖြင့် တိုက်ပွဲများ မဖော် ဆောင်ရန် ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပါသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့ဝင် များအား အခမ်းအနား တစ်ခု၌ တွေ့ရစဉ်

ထို့ပြင် ဝန်ကြီး ဦးအောင်မင်း တို့မှ ပြောဆို နေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက် ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် သွားမည့် အပေါ် များစွာ သံသယ ဖြစ်မိ နေကြောင်းလည်း ဆိုပါသည်။

“အဲဒါ ကြောင့်မို့လို့ ကျွှန်တော်တို့ ဘက်က မေးစရာ ဖြစ်လာ တာက အခု ဦးအောင်မင်း တို့က ငြိမ်းချမ်းရေးကို တစ်ကယ် တည်ဆောက် မယ်လို့ ပြောတဲ့ အချိန်မှာ ငြိမ်းချမ်း ရေးကို တစ်ကယ် တည်ဆောက် ချင်တာလား၊ သက်သက် ဖိအားနဲ့ လုပ်တဲ့ ဖိအားပဲ လိုချင်တာလား ဆိုပြီး မေးစရာတွေ အများကြီး ဖြစ်လာတယ်” ဟု ဗိုလ်မှူးမှ ဆက်ပြောသည်။

ဦးအိုက်မုန်းတို့ ပေးပို့ခဲ့သည့် စာတွင် ဖော်ပြ ထားချက်အရ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ဒေသခံ ပြည်သူများ များစွာ ထိခိုက် နစ်နာ ရကာ ပြည်သူ လူထုများက ငြိမ်းချမ်းရေး ရရှိရန် လိုလား တောင့်တလျက် ရှိကြောင်း ပါရှိပါသည်။ ထို့ကြောင့် အခြား ငြိမ်းချမ်းရေး ရယူပြီး ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နည်းတူ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့်ကို နှစ်ဖက် အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုကြ နိုင်ရန်လည်း တိုက်တွန်း ရေးသား ထားပါသည်။

ထို့ပြင် ရှမ်းမြောက် ဒေသရှိ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA နှင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ များနှင့် ယနေ့ နံနက်ပိုင်းမှ နေ့လည်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေဆဲပင် ဖြစ်ပြီး နှစ်ဖက် တပ်များ အကြား စစ်ရေး အခြေ အနေ တင်းမာလျက် ရှိနေကာ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်မည့် အနေ အထားများ ရှိနေ သည်ဟုလည်း သုံးသပ် မှုများ ထွက်ပေါ်လျက် ရှိဆဲပင် ဖြစ်သည်။

Phophtaw News Associationမှ ရယူသည်။