Sunday, July 25, 2010

မိမိတို့ပိုက်ဆံများ စိုက်ထုပ်နေရသသည့်အတွက် ရွေးကောက်ပွဲကော်မရှင်များ စိတ်ပျက်

မန်တုန်မြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များသည် အစည်းအဝေးများပြုလုပ်သည့်အခါတိုင်း အစည်းအဝေးကုန် ကျစာရိတ်များကို ကော်မတီမှ ချမပေးသည့်အတွက် အမြဲတမ်းလိုလို မိမိတို့အိတ်ထဲမှသာ စိုက်ထုပ်နေရသောကြောင့် အလွန်အမင်းစိတ်ပျက်နေကြကြောင်း သိရှိရပါသည်။


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုန်မြို့နယ်တွင် (နအဖ)မှဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်များ ရှိပါသည်။ အဆိုပါ ကော်မရှင်အဖွဲ့ဝင်များသည် အစည်းအဝေးပြုလုပ်သည့်အခါတွင် ကော်မရှင်တာဝန်ခံမှ ပိုက်ဆံထုတ်ပေးခြင်းမရှိသည့်အတွက် လိုအပ်သော အစည်းအဝေးစရိတ်၊ လမ်းခရီးစရိတ်နှင့် အစားသောက်စရိတ်တို့ကို မိမိတို့ဘာသာ စိုက်ထုပ်နေရသည်ဟု သိရှိရပါသည်။ ကော်မရှင်တာဝန်ခံများကို တောင်းဆိုသည့်အခါတွင်လည်း ထုပ်ပေးခြင်းမရှိပဲ စာရင်းထဲ၌သာ မှတ်ထားခိုင်းပါသည်။

“ကျနော် မန်တုန်မြို့နယ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးပါ။ ကော်မရှင်အဖွဲ့ဝင်ဖြစ်ရတာ အရမ်းကိုစိတ်ညစ်စရာ ကောင်းပြီး စိတ်လည်းပျက်မိပါတယ်။ ဒီထဲမှာ မပါချင်လည်း သူတို့ကရွေးချယ်ထားတော့ မပါလို့မရဘူး။ စိတ်ညစ်ဖို့ ကောင်းတာကတော့ ကော်မရှင်အစည်းအဝေးရှိလို့ အစည်းအဝေးသွားတိုင်း ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်သွားရတယ်၊ ထမင်းဖိုးလည်း ကိုယ့်ဘာသာကိုယ် အကုန်အကျခံရတယ်။ တာဝန်ခံတွေကို တင်ပြတယ်ဆိုရင်လည်း ခင်များတို့ပဲအရင်စိုက်ထားပြီး စာရင်းမှတ်ထား နောက်မှ ကျနော်တို့ စာရင်းပြန်ရှင်းပေးမယ်ဆိုပြီး ပြောတယ်။ အစည်းအဝေးလုပ်တိုင်း ကျနော်တို့အိတ်ထဲကနေပဲ စိုက်နေရတယ်ဆိုတော့ ရေရှည်ဆိုရင် မလွယ်ဘူး။ တချို့လူတွေက ကျနော်တို့လုပ်ချင်နေတယ်လို့ ထင်နေကြတယ်။ လုပ်တာက ကိုယ့်အတွက် ဘာအကျိုးမှမရှိတဲ့အပြင် သူများအကျိုးဆောင် ကိုယ်အကျိုးပြောင်ဆိုသလိုမျိုး ဖြစ်နေပြီ”ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးမှ ပြောပြခဲ့ပါသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်များ၏ လုပ်ပိုင်ခွင့်များကို အပ်နှင်းထားသော်လည်း နောက်ကွယ်တွင်မူ (နအဖ)မှ ကြိုးကိုင်နေကြောင်း သိရှိရပါသည်။

0 comments: