Friday, July 12, 2013

ဖက်ဒရယ် ပြည်ထောင်စု သဘောတရားဆိုတာ ဘာလဲ

ဖက်ဒရယ်ဆိုတာ သဘောတူညီသည့် စာချုပ်လို့အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား 'foedus' မှဆင်းသက်လာပြီး သဘောတူညီမှု "covenant" လို့ အဓိပ္ပါယ်ထွက်ပါတယ်။ နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို အခြေခံလို့ နိုင်ငံတခုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြတာပဲ ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စုစနစ်မှာ တဦးတဖွဲ့ချင်း အသိအမှတ်ပြုခြင်းနဲ့ ခွဲခြားလို့မရဘဲ တစည်းတလုံးတည်း တန်းတူရည်တူဖြစ်မှုဟာ တပြိုင်နက်တည်း တည်ရှိနေပါတယ်။ (Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင် တည်ဆောက်နေကြသူအားလုံးက ငါတို့အတူတကွ ပူးပေါင်းနေထိုင်ကြစို့ပါလို့အားလုံးက မိမိတို့ရဲ့ဆန္ဒသဘောထားကို အလိုအလျှောက် ဖော်ထုတ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနဲ့ကိုယ် (voluntarily) ပါဝင်ဆောင်ရွက် သဘောတူညီကြရပါတယ်။ ဒီဥပဒေရေးရာ ၀ိညာဉ်ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ သဘောထား (concept) ကျမှ လက်တွေ့လုပ်လို့ရပါတယ်။

ဒီစနစ်ဟာ နိုင်ငံတနိုင်ငံမှာ မတူကွဲပြားနေတဲ့ လူမျိုးများ၊ ပြည်နယ်များ၊ အုပ်စုများက အတူတကွစုစည်းလို့ အချုပ်အခြာအာဏာကို ခွဲဝေအုပ်ချုပ်တဲ့ အယူအဆတရပ်လည်း ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တနိုင်ငံလုံးနှင့် သက်ဆိုင်တဲ့အဖွဲ့ဝင် ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ဗဟိုပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရအဖြစ် ဖွဲ့စည်းထူထောင် ထားကြပါတယ်။
သက်ဆိုင်ရာအစိုးရ အသီးသီးတိုင်းဟာ အချုပ်အခြာအာဏာကို အားလုံးရဲ့ သဘောတူညီမှုများနဲ့ ခွဲဝေအပ်နှင်းထားတဲ့အတိုင်း အပြည့်အ၀ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ အဖွဲ့ဝင် ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရာမှာ ဘယ်သူကမျှ လွှမ်းမိုးမှုမရှိစေရဘဲ ဆောင်ရွက်ရမယ့်မူကို အဓိက ဖော်ဆောင်ကြရပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံသေ တသမတ်တည်းမယူဆရဘဲ၊ အချင်းချင်း အပေးအယူ၊အလျော့အတင်းများရှိကြပါတယ်။ အရေးကိစ္စရပ်တိုင်းကို ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်း စဉ်းစားညှိနှိုင်း ဆွေးနွေးကြရပါတယ်။ အဖွဲ့ဝင်များရဲ့သဘောတူညီချက်နဲ့သာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အုပ်ချုပ်ကြရပါတယ်။ အဖွဲ့ဝင်ပြည်နယ်များအတွင်း စုစည်းညီညွတ်မှုဟာ စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုတွေကို အခြေခံရပါတယ်။
 
ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-Rule) နဲ့ မျှဝေ အုပ်ချုပ်ခြင်း (Shared-Rule) တို့ပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်နယ်များအချင်းချင်း စိတ်တူကိုယ်တူ သဘောတူလက်ခံတဲ့ ဘုံသဘောတူညီတဲ့ စိတ်ဓါတ်တူညီမှု ရှိရေးဟာ အဓိကကျပါတယ်။ သဘောတရားညီညွတ်မှ အလုပ်ညီညွတ်ပါမယ်။ အတွေးအခေါ်ရှိရှိ လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်ပါမယ်။ ဒီနေရာမှာ အမျိုးသားအသီးသီး တန်းတူညီမျှဖို့၊ စည်းလုံးညီညွတ်ဖို့နဲ့ အတူတကွ တိုးတက်ကြီးပွားဖို့မူကို အခိုင်အမာ လိုက်နာရပါလိမ့်မယ်။ လူမျိုးတိုင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို နိုင်ငံတော်က အပြည့်အ၀ အလေးထားကာ အာမခံပေးနိုင်ရပါမယ်။

နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းရပ်တစုံလုံးကို အလုပ်အကျွေးပြုရေးအတွက် ကိုယ့်ဒူးကိုယ်ချွန် အဆင်းရဲအပင်ပန်းခံ လုံးပမ်းတဲ့စိတ်ဓါတ်ထားကာ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအရ စီးပွားရေးနဲ့ ယဉ်ကျေးမှုကို မြှင့်မားလာဖို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီ မြင့်မြင့်မားမားရှိတဲ့ နိုင်ငံအဖြစ်ထူတောင်နိုင်ဖို့ အရေးကြီးတဲ့ နိုင်ငံရေးစနစ်တရပ်လည်း ဖြစ်တယ်ဆိုတာကို နုလုံးသွင်းကြရပါမယ်။
ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာ ပြည်နယ်များစုပေါင်းထားတဲ့စနစ်ဖြစ်လို့ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုပါလီမန်၊ ပြည်ထောင်စုတရားရုံးတို့နဲ့ ပြည်ထောင်စုအဆင့်မှာ ဖွဲ့စည်းထားသလို ပြည်နယ်များအတွက်လဲ ပြည်နယ်အစိုးရ၊ ပြည်နယ်ပါလီမန်၊ ပြည်နယ်တရားရုံးတို့နဲ့ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုရဲ့ သဘောတရားကိုယ်၌က မိမိတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မိမိတို့ကိုယ်စား ဘုံလုပ်ငန်းအကျိုးစီးပွားကို အကောင်အထည် ဖော်ဆောင်မယ့်သူကို လွှဲအပ်လုပ်ဆောင်စေတာဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးစနစ်တရပ်ကို ကျင့်သုံးခြင်းဟာ ပြည်သူ့အုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီကို ပိုမိုအားကောင်းလာစေပါတယ်။ ဒီမိုကရေစီရှိရှိ ပြည်ထောင်စုစစ်စစ် နိုင်ငံတော်ကို ထူထောင်နိုင်ပါမယ်။
နိုင်ငံရဲ့ နိုင်ငံရေးစနစ်တရပ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ကို ချမှတ်ကျင့်သုံးရာမှာ အရေးကြီးတဲ့ အခြေခံမူ ၃ ချက်ကို လိုက်နာကျင့်သုံးကြပါတယ်။

(က) လွတ်လပ်မှု
လူတိုင်း လွတ်လွတ်လပ်လပ် ပါဝင်လာနိုင်စေဖို့ လွတ်လပ်မှုကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးရပါတယ်။ လွတ်လပ်မှုကို ကျင့်သုံးတဲ့နေရာမှာလည်း တခြားသူများရဲ့ အကျိုးကို ထိခိုက်နစ်နာစေတဲ့ လုပ်ငန်းရပ်တွေ မပါစေရပါဘူး။ ဒီမိုကရေစီ အခြေခံလွတ်လပ်မှုတစုံလုံးရှိရပါမယ်။

(ခ) ပူးပေါင်းပါဝင်ဆောင်ရွက်မှု
ဆန္ဒအလျှောက် ပူးပေါင်းပါဝင်တာမျိုးဖြစ်ရပါမယ်။ ဘယ်မူဝါဒကိုမဆို ချမှတ်ထားတဲ့နေရာမှာ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင် ဖယ်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကို ရောက်ဖို့မလွယ်ကူပါဘူး။ ပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီကျင့်သုံးရာမှာ အများဆုံးတွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဒီမိုကရေစီ သဘောတရား အခြေခံကို စနစ်တကျ လိုက်နာရပါတယ်။

(ဂ) ကောင်းမွန်သည့် အစိုးရတရပ်
စီမံအုပ်ချုပ်မှု ကောင်းမွန်တယ်ဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တရားမျှတ နည်းလမ်းကျစွာ စီမံခန့်ခွဲတာကို ခေါ်ပါတယ်။ အဂတိတရား လုံးဝကင်းရှင်းရပါမယ်။ စစ်စစ်မှန်မှန် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာ ဖြစ်ရပါမယ်။ စစ်မှန်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး ဖြစ်ရမယ်။ တရားမျှတတဲ့ အာဏာခွဲဝေမှုမျိုး ရှိရပါမယ်။

ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ အုပ်ချုပ်လျှင် ဗဟိုပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့ဟာ အရာရာတိုင်းမှာ ဆွေးနွေးမှုနဲ့သဘောတူညီမှုအပေါ်မှာ အခြေခံရပါတယ်။ ဒီသဘောတူဆုံးဖြတ်ချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေကသာ အာမခံထားရပါတယ်။ ပြည်ထောင်စု စနစ်ဟာ စေ့စပ်ညှိနှိုင်းမှုမှာ အလွန်အရေးကြီး ပါတယ်။ ညှိနှိုင်းမှုမရှိ၊ အလျော့အတင်းမရှိလျှင် ဘယ်လိုမှ ရှေ့ဆက် လျှောက်လှမ်းနိုင် မှာမဟုတ်ပါ။ ညှိနှိုင်း အဖြေရှာလိုတဲ့ စိတ်ရင်း ဆန္ဒရှိရပါမယ်။ တဖက်နှင့် တဖက် အပြန်အလှန် လေးစား အပြန်အလှန် အသိအမှတ်ပြုရပါမယ်။ သည်းခံ စိတ်ရှည်မှု့နဲ့သာ ညှိနှိုင်းဆောင်ရွက်ကြရပါမယ်။ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ဖို့ဆိုလျှင် တဖက်လူရဲ့ ဆန္ဒကိုလည်း လေးစားရမယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ်ချည်း လျှောက်လှမ်းလို့ မရပါ။ အားလုံးသဘောတူညီမှုအပေါ် အခြေခံပြီး စိတ်ရှည်ရှည်ထား ဆောင်ရွက်သွား ရန်လိုပါတယ်။