Monday, January 16, 2012

စစ်ပွဲကြောင့် တအာင်းဒေသရှိ စာသင်ကျောင်းများ ပိတ်လိုက်ရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်တပ်နှင့်မြန်မာတပ် တို့အကြားဆက်လက်ဖြစ်ပွားနေ သောစစ်ပွဲကြောင့် ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှစ၍ ယနေ့ထိ တအာင်း(ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် မန်တုံမြို့နယ်တွင်း ကျေးရွာပေါင်း (၇) ရွာတွင် မူလတန်း စာသင်ကျောင်းများ ပိတ်ထားလိုက်ရသည်ဟု သိရှိရသည်။

တအာင်းဒေသရှိ စာသင်ကျောင်းတစ်ကျောင်း

“ကလေးတွေ ကျောင်းတစ်နှစ်အောက်သွားတော့ နောက်နှစ်လည်းဒီအတန်းပဲ ပြန်တက်ကြရတော့မယ်၊ ကျောင်းပြန်ဖွင့်ပေးဖို့ တာဝန်ရှိသူတွေ ဖြေရှင်းပေးမလားဆိုပြီး စောင့်နေခဲ့တာ အခုတောင် စာမေးပွဲဖြေချိန်ရောက်တော့မယ်၊ ကျောင်းက ဆရာ/ဆရာမတွေလည်း ပြန်မလာကြသေးဘူး။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။” ဟုကျောင်းသား မိဘတစ်ဦးမှ ပြောပြခဲ့သည်။

၂၀၁၁-၂၀၁၂ပညာသင်နှစ်တွင်း ကျောင်းသူ၊သားများသည် ဇွန်လမှ ဇူလိုင်လလယ်အထိသာ ကျောင်းတက်ခွင့်ရပြီး စစ်ပွဲကြောင့် ဆရာ/ဆရာမများမှာ ဆက်မနေရဲတော့ဘဲ ဇာတိဒေသကို ပြန်ကုန်ကြခြင်းကြောင့်ဖြစ်သည်။ အများအားဖြင့် ကျောင်းဆရာ/ဆရာမများသည် မြန်မာပြည် အလယ်ပိုင်းကနေလာကြသူများဖြစ်သည်။ သူတို့ပြန်သွားပြီးကတည်းက ကျောင်းတော်တော်များကို ပိတ်လိုက်ရပြီး ဆရာ/ဆရာမတွေ ပြန်လာနိုးနဲ့ စောင့်နေရင်း ယနေ့အထိ ပြန်ရောက်လာခြင်းမရှိဘဲ ကျောင်းပိတ်လိုက်ရသည့် အနေအထားဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရသိရှိရသည်။

တအာင်းကျေးရွာပေါင်း (၇) ရွာတွင် စုစုပေါင်းကျောင်းသူ/သားဦးရေ ၂၀၀ ကျော်လောက်ရှိပြီး ပန်လုံ(၆၀) ဦး၊ မန်ဆာရွာ-(၁၈) ဦး၊ မန်ယောင်းရွာ (၂၀) ဦး၊ ခါးအော်ရွာ(၆) ဦး၊ မန်မောင်းရွာ(၂၀) ဦးအပြင် အခြားရွာများလည်းပါဝင်ကြောင်း သိရှိရသည်။

လာမည့်ဖေဖေါ်ဝါရီလတွင် စာမေးပွဲဖြေရမည့်အချိန်ရောက်သော်လည်း မန်တုံမြို့နယ် ပညာရေးမှူး ဦးတင်ငွေသည် တစုံတရာဖြေရှင်းပေးခြင်းမရှိသေးဘဲ စာသင်ကျောင်းများ ပိတ်ထားနေရဆဲဖြစ်သည်။ ပညာရေးမှူးသည် ၂၀၁၁ ပညာသင်နှစ် ကျောင်းစဖွင့်ချိန်တွင် မန်တုန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံးထံ ကျောင်းသုံး ဗလာစာအုပ်များကို မဝယ်မနေရစနစ်ဖြင့် ရောင်းချခဲ့သူလည်း ဖြစ်သည်။

0 comments: