Saturday, January 14, 2012

တအာင်း(ပလောင်)တော်လှန်ရေးနေ့တွင် ပြည်ပရှိ တအာင်းလူငယ်များတက်ရောက်အားပေး

၁၂ ရက်ဇန်န၀ါရီလ ၂၀၁၂ ခုနှစ်တွင်ကျရောက်တော့ ၄၉ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင်ကျင်းပကြရာ ပြည်ပတွင် ပညာသင်ကြားသူနှင့် အလုပ်လုပ်နေကြသူ ပြည်ပရောက် တအာင်းလူငယ်များ ငါးဆယ်ကျော်တက်ရောက် အားပေးခဲ့ကြောင်း သိရှိရသည်။

ပုံ- ၄၉ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် အခန်းအနားသဘာပတိတဦး မိန့်ခွန်းပြောကြားနေစဉ်

၄၉ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့အခမ်းအနားတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ ကြသောအာဇာနည်ခေါင်းဆောင်များအားအလေးပြုခြင်း၊ တော်လှန်ရေးအင်အားစုအသီးသီးမှ ခေါင်းဆောင်များက တော်လှန်ရေးအမှတ်တရဂုဏ်ပြုစကားများပြောကြားခြင်းနှင့် တအာင်းရိုးရာအိုးစည်ဗုံမောင်းများတီးကာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် ပရိသတ်စုစုပေါင်းတရာနီးပါးခန့်တက်ရောက်ခဲ့ကြောင်း တက်ရောက်သူတဦး ကပြောပြပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး လွေးနွေနှောင်း က အခမ်းအနားအပိတ်မိန့်ခွန်းပြောကြားရာ တွင် “တအာင်းနိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးနှင့်လူငယ်များ အခန်းကကို တိတိကျကျပိုမိုထည့်သွင်းသင့်ပါတယ် လို့ ကျမ အကြံပြုချင်ပါတယ်။ပြီးတော့ ကျမတို့တအာင်းပလောင်လူငယ်အမျိုးသမီးများ အားလုံးလည်း စည်းလုံး တက်ကြွကြဖို့၊ မျိုးချစ်စိတ်တွေ၊ တော်လှန်ရေးအားတွေ ပိုမွေးကြဖို့ အရေးကြီးတယ်”ဟု တိုက်တွန်းပြောကြားခဲ့သည်။

တက်ရောက်လာသည့် မဟာမိတ်ခေါင်းဆောင်များမှ KNUတွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ပဒိုစောဒေါ့လေးမူ က KNU ၏ရပ်တည်ချက်၊ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးသည့်အခြေအနေနှင့် UNFC မူသဘောထားအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း သူ၏မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

DPNS အထွေထွေအတွင်းရေးမှူး ဦးငွေလင်း က မြန်မာပြည်၏လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများ၏ အခြေနေများ သုံးသပ်ပြောကြားပြီး မြန်မာ့ဒီမိုကရေစီရေးတွင် ယင်းတို့၏ပါတီအနေဖြင့် ကျရာအခန်းအခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏အမျိုးသားပြန်လည်းသင့်မြတ်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အရေး-ငြိမ်းချမ်းရေးတည်ဆောက်ရန်လိုအပ်မှုများကို ပြောကြားခဲ့ပါသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကလည်း လက်ရှိတအာင်းဒေသတွင်း နိုင်ငံရေးအခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေ၊ လက်ရှိရှမ်းပြည်မြောက်ပိုင်းမှ ပြည်တွင်းစစ်ပွဲဒဏ်ကြောင့် ဒေသခံပလောင်ပြည်သူများ ဒုက္ခရောက်နေရပုံများကို တင်ပြခဲ့ပါသည်။

ထိုအတူ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ဥက္ကဋ္ဌ တာအိုက်ဖုန်း က “လက်ရှိအခြေအနေတောင်းဆိုမှုအရ တအာင်းလူထုနှင့် တအာင်းနယ်မြေကိုကာကွယ်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်း တပ်ဦး၏နိုင်ငံရေးဦးဆောင်မှုဖြင့် ဖွဲ့စည်းလှုပ်ရှားခဲ့တဲ့ တအာင်းအမျိုးသားတပ်မတော် - TNLA ကို ပိုမိုအားဖြည့်လှုပ်ရှားသွားပါမယ်၊ မဟာမိတ်များနဲ့ ပူးတွဲပြီး တအာင်းပလောင်ဒေသစိုးမိုးရေးကို လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အလားတူ ၄၉ နှစ်မြောက်တအာင်းတော်လှန်ရေးနေ့တွင် ထုတ်ပြန်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ၏ သဘောထားထုတ်ပြန်ချက်တွင်လည်း တအာင်းဒေသနှင့်လူထုကိုကာကွယ်စောင့်ရှောက်ရန်အတွက် တအာင်းတပ်မတော်နှင့်အတူ မျိုးချစ်တအာင်းလူငယ်များ ပူးပေါင်းတိုက်ပွဲဝင်ကြရန်၊ တအာင်းပြည်သူလူထုတရပ်လုံးကလည်း ၀ိုင်းဝန်းထောက်ခံ ပါဝင်ကြရန် တိုက်တွန်းနိုးဆော်ထားသည်။

တအာင်း(ပလောင်) လူမျိုးတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို ၁၉၆၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် စတင်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သည်။ ထိုနောက် ဖိအားအမျိုးမျိုးကြောင့် ၂၀၀၅ ခုနှစ်တွင်လက်နက်အပ်ခဲ့ရသည်။

0 comments: