Thursday, January 12, 2012

၄၉ နှစ်မြောက် တအာင်း (ပလောင်)အမျိုးသား တော်လှန်ရေးနေ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ချက်


ကြေညာချက်အမှတ် -၀၀၁/၀၅/ဦးစီး-၁၂

ယနေ့ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၂ ရက်နေ့သည် ပလောင်တမျိုးသားလုံး လွတ်မြောက်ရန်အတွက် လက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို စတင်တွန်းလှန်တိုက်ခိုက်လာ ခဲ့ကြသည်မှာ ၄၉ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ အဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ တန်းတူညီမျှရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရရှိရေး၊ စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုနိုင်ငံရရှိရေးတို့အတွက် ပလောင် တမျိုးသားလုံးတို့၏တော်လှန်ရေးခရီး ၄၉ နှစ်တာ ကာလ အတွင်း အသက်သွေးချွေး၊ အိုးအိမ်စည်းစိမ်များစွာကို ပေးဆပ်ရင်းနှီး လှူဒါန်းခဲ့ ကြသော မျိုးချစ်ပလောင်ပြည်သူလူထုနှင့် ပလောင်အာဇာနည် ခေါင်းဆောင်များ၊ ရဲဘော်ရဲမေ အပေါင်းတို့အား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးမှ ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။

အာဏာရှင်စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို တဘက်သတ်ကျင်းပကာ ဟန်ပြအရပ်သား အစိုးရဖွဲ့စည်းပြီး ဒီမိုကရေစီကိုဦးတည်သော နိုင်ငံရေးပြောင်းလဲမှုများပြုလုပ်နေသည်ဟုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် လက်နက် ကိုင်တိုက်ပွဲများ အရှိန်မြင့်လာပြီး တိုင်းရင်းသားပြည်သူများ ပြည်တွင်းစစ်ဘေးဒဏ် ခံနေကြရပါသည်။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မအမျိုးမျိုး တပ်ကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ဆက်လက်ဖမ်းဆီး အကျဉ်းချထားဆဲဖြစ်သည်။

ကြံ့ဖွံ့အရပ်သားအစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် ပြင်းထန်သည့်ထိုးစစ်များပြုလုပ်နေလျှက်ရှိသည်။ အမှန်တကယ် ငြိမ်းချမ်းရေးတည်ဆောက်လိုပါက ထိုးစစ်များရပ်ပြီး ဖြစ်တည်နေသော နိုင်ငံရေးပြဿနာကို တွေ့ဆုံဖြေရှင်းရန် လိုအပ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို သပ်လျှိုဖြိုခွဲရန်အတွက်တဖွဲ့ချင်းခွဲထုတ် တွေ့ဆုံကာ အတုအယောင်အပစ်အခတ်ရပ်စဲရေးကိုသာ ဟန်ပြလုပ်ဆောင်နေလျှင် စစ်မှန်သောငြိမ်းချမ်းရေး ရရှိနိုင်မည်မဟုတ်ပေ။

ဟန်ပြအရပ်သားအစိုးရသစ်လက်ထက်တွင် ကချင်၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား ပြည်တွင်းစစ်မီးအဟုန် ပိုမို တောက်လောင်လာခြင်းကြောင့် ပလောင်မိဘပြည်သူများစွာလည်း စစ်ဘေးဒဏ်ကိုရင်ဆိုင်နေကြရပါသည်။ ထိုကဲ့သို့ စစ်မက်ဖြစ်ပွားနေသော နမ့်ခမ်း၊ မန်တုံ၊ မိုင်းဝီး၊ ကွတ်ခိုင်နှင့် နမ့်ဆန်မြို့နယ်ရှိ ပလောင်ဒေသခံပြည်သူများမှာ ပေါ်တာဆွဲခြင်း၊ တပ်သားသစ် အဓမ္မစုဆောင်းခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ မတရားအခွန်ငွေကောက်ခံခြင်း၊ ပစ္စည်းဥစ္စာ မတရားသိမ်းပိုက်ဖျက်ဆီးခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ခံစားနေကြရပါသည်။

အခြားတဘက်တွင်မူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပေါ်ပေါက်ခဲ့သော်လည်း မိမိတို့၏ဒေသကိုအမှန်တကယ်လက်တွေ့ စီမံ အုပ်ချုပ်ခွင့်မရရှိဘဲ စစ်ခေါင်းဆောင်များ၏ချယ်လှယ်မှုအောက်တွင်သာရှိနေဆဲဖြစ်သည်။ အရပ်သားအစိုးရ၏ ရေအားလျှပ်စစ်စီမံကိန်း၊ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း အစရှိသည့် စီမံချက်တို့ကြောင့် ဒေသခံများမှာ လယ်ယာခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်း၊ လုပ်အားပေးစေခိုင်းခြင်း တို့ခံနေကြရပြီး၊ မူးယစ်ဆေးဝါးပြဿနာ၊ လက်ဖက်လုပ်ငန်းနှင့်စီးပွားရေးကျပ်တည်းမှု အခြေအနေတို့မှာလည်း ပိုမိုဆိုးရွားနေပါသည်။

ပလောင်ပြည်သူလူထုတို့၏ အသက်အိုးအိမ်လုံခြုံမှုများအကာကွယ်မဲ့နေဆဲဖြစ်သဖြင့် မိမိတို့၏ပြည်သူလူထုကို ကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် ပလောင်ဒေသအတွင်းနယ်မြေပြန်လည်စိုးမိုးရေးလုပ်ငန်းစဉ်များကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (Ta-ang National Liberation Army TNLA) မှ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ထိုအတူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၏ ပြည်ထောင်စုတပ်မတော်နှင့်အတူ စစ်မှန်သည့် ပြည်ထောင်စုနိုင်ငံ တည်ဆောက် ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ တအာင်းအမျိုးသားထုတရပ်လုံးကို ကာကွယ်နိုင်ရန်အတွက် မျိုးချစ်တအာင်း လူငယ်တိုင်း တအာင်းတပ်မတော်တွင် ပူးပေါင်းပါဝင်ကြပါရန် အလေးအနက်ပန်ကြားအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ပလောင်ပြည်သူလူထုတရပ်လုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ရန်အတွက် တော်လှန်ရေးတိုက်ပွဲတွင် တအာင်း တပ်မတော်နှင့်အတူ ပလောင်ပြည်သူလူထုတရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်စွာ အားလုံးပူးပေါင်း တိုက်ပွဲဝင်ကြပါရန် တိုက်တွန်းနိုးဆော်ရင်း တပ်ဦး၏ (၄၉) နှစ်မြောက် တအာင်း (ပလောင်) အမျိုးသားတော်လှန်ရေး နှစ်ပတ်လည်နေ့ သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါသည်။

“ဘ်ုပ်ဘိုန် ကုင်တအာင်း”

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၁၂ ရက်၊ ဇန္န၀ါရီလ၊ ၂၀၁၂ ခုနှစ်။

0 comments: