Wednesday, November 10, 2010

ဥပဒေ မဟုတ်သော ပြဌာန်းချက်များ၏ ပြင်မရသော အမှားများ

အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များကို (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံ၏ အခန်း (၁၄) ပုဒ်မ (၄၄၃) တွင်- ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သည့်နေ့ မတိုင်မှီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များ သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားသည်။

အခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လုပ်ငန်းရပ်များကို ဆန်းစစ်ကြည့်ရန် လိုပါသည်။ တရားဝင် နိုင်ငံရေးပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲတွင် မဲ (၈၂%) ဖြင့် အပြတ် အသတ် အနိုင်ရခဲ့သည့် ရလဒ်ကို ပစ်ပယ်ခဲ့သည်။ ဒီချုပ် ခေါင်းဆောင်များကို အပုပ်ချပွဲ တိုင်းနှင့်ပြည်နယ်အလိုက် ပြုလုပ်ခဲ့ခြင်း။ ဒီပဲယင်း အစုလိုက် အပြုံလိုက် လူသတ်မှုကို ကျူးလွန်ခြင်း၊ ရွှေဝါရောင် သံဃာ့အရေးတော်ပုံအား သတ်ဖြတ်နှိမ်နှင်းခဲ့ခြင်း၊ ယခု ရှိပြီးသား တရားဝင် နိုင်ငံရေး ပါတီများကို (နအဖ) ရွေးကောက်ပွဲ ဥပဒေအမှတ်- (၁/၂၀၁၀) ၏ ပုဒ်မ- (၁၄) ဖြင့် ဖျက်သိမ်းလိုက်ပြန် ပါသည်။ နိုင်ငံရေးကို ဥပဒေထုတ်ပြီး သတ်၍ရသလော။ ထုံးစံမရှိပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေး နိုင်ငံရေးတိုက်ပွဲကို နယ်ချဲ့ အင်္ဂလိပ် ဥပဒေများဖြင့် သတ်ဖြတ်၍ ရခဲ့ပါသလော။ ဒီမိုကရေစီရေး တိုက်ပွဲများကို နအဖ ဥပဒေများဖြင့် ချေဖျက်ပစ်၍ မရနိုင်ပါ။ နအဖ ၏ လုပ်ငန်းရပ်များ အားလုံးမှာ စစ်ရာဇ၀တ်မှုများ ဖြစ်နေသည်ကို ရှေ့ဆက် ထပ်ကာ ထပ်ကာ မြင်တွေ့ ရပါလိမ့်ဦးမည်။

(၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များဟု ဖော်ပြထားချက်မှာ တရားဥပဒေ ထုတ်ပြန်ပိုင်ခွင့် မဟုတ်ပါ။ ထုတ်ပြန်ချက်၊ ပြဌာန်းချက်များမှာ ဥပဒေကဲ့သို့ စည်းနှောင်အားလည်း မရှိပါ။ မတရားပြဌာန်းချက်မှာ ဥပဒေ တရပ်ဖြစ်တည် မလာနိုင်ပါ။ တချိန်က (မဆလ) အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်၊ ယခု ကြံ့ဖွံ့ နာယကကြီး ဗိုလ်သန်းရွှေက ကြံ့ဖွံ့ ပါတီ ထူထောင်နိုင်ရေးအတွက် ပြဌာန်းလာသည့် လုပ်ရပ်များမှာ စစ်အာဏာရှင်စနစ် ပါတီ တပါတီတည်း သက်သက် အတွက် ဖြစ်နေကြောင်း ပေါ်လွင်လွန်း လှပါသည်။

ပြဌာန်းချက်များ ပုဒ်မ (၄၄၅) တွင်- နိုင်ငံတော်သည် (နအဖ) ကောင်စီကို ဆက်ခံသည်။ ယင်းကောင်စီ၏ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဟု ဖော်ပြထား သေးသည်။ (နအဖ) စစ်အစိုးရ ကျူးလွန်ခဲ့သမျှ ဒီပဲယင်း အပါအ၀င် ရာဇ၀တ်မှု အားလုံးကို ပြည်ဖုံးကားချ ကင်းလွတ်ခွင့် ရယူနိုင်အောင် မဟုတ်မမှန် ပြဌာန်းချက်မှာ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး တို့ကို တဖက်သတ် ငြင်းပယ်လိုက်ခြင်းလည်း ဖြစ်ပါသည်။ ရာဇ၀တ်ဘေး ပြေးမလွတ်ပါ။ ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာဥပဒေ) အခန်း (၉)၊ ပြည်သူ့ဝန်ထမ်းတို့ ကျူးလွန်သော သို့တည်းမဟုတ်-ပြည်သူဝန်ထမ်းတို့နှင့် သက်ဆိုင်သော ပြစ်မှုများ (ပုဒ်မ- ၁၆၁-မှ ပုဒ်မ- ၁၇၁ အထိ ပြစ်မှုများ) နှင့် အခန်း ( ၉ -ဂ) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ (ပုဒ်မ- ၁၇၁ (က) မှ ပုဒ်မ-၁၇၁ (ည) အထိ ပြစ်မှုများ) ရှိ ပင်မ ဥပဒေကြီးများကို ဖျက်ပစ်ရမည်လော။ ဤဥပဒေရှိ ပြစ်ဒဏ်များအား မည်သူ့ကိုမျှ ကင်းလွတ်ခွင့် မပေးပါ။ နိုင်ငံသားတိုင်း ဥပဒေ၏ ရှေ့မှောက်တွင် တူညီသည့် အခွင့်အရေးရှိရပါမည်။

နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၇) တွင်- နိုင်ငံသားတိုင်းသည် ဥပဒေ၏ ရှေ့မှောက်တွင် တူညီသည့် အခွင့်အရေး ရှိသည့် အပြင် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်ဟု အတိအလင်း ပြဌာန်းထားပါသည်။ စစ်အစိုးရ အဖွဲ့ဝင်များကို နိုင်ငံသားတိုင်းနှင့် ဥပဒေအရာတွင် တန်းတူ ညီတူ မထားဘဲ၊ ရာဇ၀တ်မှု ကျူးလွန်ခြင်းမှ ကင်းလွတ်ချက် ရယူလိုသည့် ဆန္ဒ ကိုယ်၌က ပြစ်မှု ဖြစ်နေပါသည်။ ရာဇ၀တ်ကောင်များ အဖြစ်မှ ဘေးမဲ့လိုချင်သည့် မှတ်တမ်းကို နောင်လာနောင်သားများ တွေ့ရှိအောင် ထားရစ်ခဲ့မည် ဆိုလျှင် ရာဇ၀င် ရိုင်းရာ ကျပါလိမ့်မည်။

ပြဌာန်းချက်များ ပုဒ်မ (၄၄၈) တွင်လည်း နအဖ ကောင်စီ လက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော် အပါအ၀င် ၀န်ထမ်းများသည် အစိုးရက အခြားပြဌာန်းခြင်း မပြုသမျှ ဆက်လက် အမှုထမ်းရမည်ဟု ဖော်ပြထားသည်။ တပ်နှင့် ၀န်ထမ်း အားလုံးသည် နအဖကောင်စီ အောက်ရောက်သွားပါသည်။ နအဖ ကောင်စီက ကြံ့ဖွံ့ပါတီ တည် ထောင်သွားပြီ ဖြစ်၍ အားလုံး ကြံ့ဖွံ့ပါတီဝင်များ ဖြစ်သည်ဟု ထပ်ဆင့် ပြဌာန်းလာလေ ဦးမလား နိုင်ငံရေး ပါတီတိုင်း က စောင့်ကြည့်ရမလို ဖြစ်လာသည်။ ကြံ့ဖွံ့ ပါတီခေါင်းဆောင် အားလုံးမှာ လောလောလတ်လတ် စစ်တပ် နှင့် အရပ်ဘက် ၀န်ထမ်း ဗျူရိုကရက် အရာရှိကြီးများ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ ပါတီစုံစနစ်ကို ဤပြဌာန်းချက် များဖြင့် ဖျက်ဆီးနေလေပြီ။

(၂၀၀၈) ဖွဲ့စည်းပုံ ကျောရိုးကိုယ်၌က (၁၉၇၄) မဆလ တပြည်ထောင် ဖွဲ့စည်းပုံကဲ့သို့ “ရော့…ညီလေး တလုံး အကိုကြီး….(၇) လုံး” တန်းမတူ မညီမျှသည့် ပြည်ထောင်စု သွေးကွဲရေး၊ သွေးခွဲရေး အတွက် တမင်တကာ ပြဌာန်း လာပြန်ပါသည်။ ထိုထက် ဆိုးညစ်သည်က (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံရှိ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းခြင်း၊ အခန်း (၄)၊ ပုဒ်မ (၇၄) အရ ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူ့ လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် (၁၁၀) ဦးနှင့် အမျိုးသား လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် (၅၆) ဦး) တပ်မ တော်သား စုစုပေါင်း (၁၆၆) ဦး ပါရှိ နေကြောင်း စစ်ခရာမှုတ်ကာ ကြေညာထားသည်။ မည်သည့် ရွေးကောက်ပွဲဆိုင်ရာ မူ၊ လမ်းညွန်ချက်ကိုမှ ဂရုစိုက် စရာမလို၊ ခေါင်းမော့ရင်ကော့ ဘယ်ညာနင်းကာ လွှတ်တော်သို့ ချီတက်ကြတော့မည်။ စစ်အာဏာရှင် ဥပဒေ စနစ်ကို ပေါ်ပေါ်ထင်ထင် အကောင်အထည်ဖော်နေသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးသည် ပြည်ထောင်စုလွတ်လပ်ရေး ဖြစ်သင့်ပါသည်။ တလူမျိုး တပါတီ အတွက် လုံးဝ မဖြစ်သင့်ပါ။ ဤနေရာတွင် မလိမ်မညာစတမ်း ပြတ်ပြတ်သားသား စည်းခြားရမည် ဖြစ်ပါသည်။ ပြည်ထောင်စုကို လိုလားသည်က ဗိုလ်ချုပ်အောင်ဆန်း၊ မလိုလားသူများ ရှိသည်ကို ဖော်ထုတ်ပြ သင့်ပါသည်။ ဗစိန် ဂိုဏ်းသား ကျော်ငြိမ်း၊ ဂဠုန်ဦးစော၊ နေ၀င်း၊ သန်းရွှေ တို့ကို ပြည်ထောင်စုကို မလိုလားသူ၊ ဖျက်ဆီးသူများ အဖြစ် စွဲချက် တင်သင့် ပါသည်။ ယနေ့ထိ ပြည်ထောင် မစုနိုင်သေးပါ။ လူညီလျှင် ဤကို ကျွဲဖတ်လို့ရသည် ပြောစကားမှာ စစ်တပ်ထဲမှ လာသော စကားဖြစ်သည်။ သူတို့ သမုတ်လျှင် သစ်ငုတ်တောင် ကျား ဖြစ်ရမည့်အလား ထင်နေသည်။ အာဏာရှင်တိုင်း ကောက်ကျစ် စဉ်းလဲမှု၊ ဖြိုခွဲသပ်လျှိုမှု နယ်ချဲ့လုပ်ရပ် အားလုံးကို ခေါက်ရိုးကျိုး နေအောင် သင်ကြား တတ်မြောက် ထားကြသည်။ လူ့အဖွဲ့အစည်း အတွက် အန္တရာယ် ကြီးလွန်းလှပါသည်။

မြန်မာ့လူအဖွဲ့အစည်း၏ မိသားတစု စီမံမှု ဓလေ့ထုံးတမ်း စဉ်လာကို မမေ့သင့်ပါ။ မိသားတစု စီမံ ဆုံးဖြတ်ချက်ကို ဘယ်ဥပဒေနှင့်မျှ ဘယ်တရား ရုံးကမျှ ပယ်ဖျက်၍ မရပါ။ ညီကိုမောင်နှမ စိတ်ထားကို အရင်းခံသင့်ပါ သည်။ ငါတကော ကောလို့မရပါ။ တဖက်သတ် ဘက်လိုက်မှု ကင်းရ ပါသည်။ လောကပါလ တရားကို လက်ကိုင်ထား ရပါမည်။ အလိုအလျောက် ကိုယ့်သဘောနှင့်ကိုယ် လက်ခံပြီးသား ဖြစ်ရပါမည်။ အတင်းအဓမ္မ လုပ်ရပ်အားလုံး ရှောင်ကြဉ် ရပါမည်။ လက်နက်အားကိုး ခြိမ်းခြောက်ခြင်းများ ကင်းရပါသည်။ စစ် နှင့် ငြိမ်းချမ်းရေးမှာ ဆန့်ကျင်ဘက် ဖြစ်သည်ကို သတိမူ သင့်ပါသည်။ စစ်ကို လုံးဝ ရှောင်ခြားကြရန် အရပ်သား အစိုးရ ပေါ်ပေါက်မှ ဖြစ်ပါမည်။ စစ်အစိုးရ အဖြစ် ရာသက်ပန် အုပ်ချုပ်သွားရန်၊ ပြည်သူတရပ်လုံးအား စစ်ကျွန်ပြုရန် ပြဌာန်းထားသည့် (၂၀၀၈) ခုနှစ် တပြည်ထောင် ဥပဒေကို အသက်မသွင်းသင့်ပါ။ လုံးဝ ဖျက်သိမ်းပစ် ရပါမည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့စဉ်က လူမျိုးရေးပြဿနာ လုံးဝမရှိခဲ့ပါ။ မရှိခဲ့သည့် ပြဿနာကို လွတ်လပ်ရေး ရပြီးမှ ပြဿနာဖြစ်အောင် မည်သူ ဖန်တီးပါသနည်း။ ကျော်ငြိမ်း က အစ နေ၀င်း၊ သန်းရွှေ စစ်အုပ်စု အဆက်ဆက်က ဖန်တီးခဲ့၍ ဖြစ်သည်။ လူမျိုးရေး ပြဿနာ အားလုံးကို ဖြေရှင်းချင်လျှင် လွတ်လပ်ရေး တိုက်ပွဲ ၀င်ခဲ့စဉ်က အတိုင်း ဘုံရန်သူ၊ ဘုံပစ်မှတ် တခုတည်း အဖြစ် နအဖ စစ်အုပ်စုကို အမြစ်ဖြုတ်ပစ်မှ ဖြစ်ပါမည်။ လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံပြင်ပါ ပြောစကားမှာ ပြင်ဆင်ရန်တင်းကြပ်လွန်းသည့် အခြေခံ ဥပဒေကြောင့် မည်သူမျှ အယုံအကြည်မရှိပါ။ လူမျိုးစု လက်နက်ကိုင် အပစ်ရပ်အဖွဲ့ (၁၃) ဖွဲ့ စုပေါင်း၍ ညောင်နှစ်ပင် နအဖ ညီလာခံတွင် တရားဝင် တင်ပြချက်များကို သတိရသင့်ပါသည်။ တရားဝင်တင်ပြခဲ့သည့် အချက်(၇) ချက်စလုံးကို လုံးဝပစ်ပယ်ပြီး ထည့်သွင်း စဉ်းစားခြင်းမပြုခဲ့ပါ။ နအဖ တင်ပြခဲ့သည့် (၁၀၄) ချက်ထဲတွင်လည်း မပါ၊ ညီလာခံ ဆုံးဖြတ်ချက်လည်း မဟုတ်သော ပုဒ်ထီး ပုဒ်မများကို (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံထဲတွင် နအဖ စစ်အုပ်စု အလိုကျ တဖက်သတ် ထည့်သွင်း ပြဌာန်း ထားသည်ကို တွေ့ရပါသည်။ (၂၀၀၈) ဖွဲ့စည်းပုံ မူကြမ်းကို ပြည်သူ လူထုသို့ ရှင်းပြ ဆွေးနွေးခြင်းလည်း မပြု၊ ဆန္ဒ တောင်းခံခြင်းလည်း မရှိဘဲ တဖက်သတ် အတည်ပြုခဲ့သည်။ နအဖ ပြုသမျှ နု ကြရမည် ဆိုလျှင် စစ်ကျွန်ပြုခြင်း ခံရပါတော့မည်။

ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်နေသည့် တိုင်အောင် မည်သူမဆို အခွင့် အရေး မရှိသူ တဦးဖြစ်ကြောင်း (နအဖ) အကြောင်းပြချက်ဖြင့် ထုတ်ပစ်နိုင်ရန် ပြဌာန်း ထားသည့် ပုဒ်မ (၂) ခု ကို တွေ့ရှိရ ပါသည်။ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ (၈၈) ။ ။ ပြည်ထောင်စု လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ် နေရာအချို့ လစ်လပ် နေစေကာမူ ပြည်ထောင်စု လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်ခွင့် ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူ တဦး က ပြည်ထောင်စု လွှတ်တော် အစည်းအဝေသို့ တက်ရောက်ခြင်း၊ ဆန္ဒ မဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင် ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။

ပုဒ်မ (၁၃၁) ။ ။ ပြည်သူ့ လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ် နေရာအချို့ လစ်လပ်နေစေကာမူ ပြည်သူ့ လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူ တဦး က ပြည်သူ့ လွှတ်တော် အစည်း အဝေးသို့ တက်ရောက်ခြင်း၊ ဆန္ဒ မဲပေးခြင်း သို့မဟုတ် လွှတ်တော် လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင် ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက်များ သည် ပျက်ပြယ်ခြင်း မရှိစေရ ဟု ဖော်ပြထားသည်။

ဥပဒေ အရာတွင် တိကျရသည်။ အခွင့်အရေး မရှိသူကို တက်ရောက်ခွင့်ကို မပေးရပါ။ နောင်အခါတွင်မှ စစ်ဆေး တွေ့ရှိစေကာမူ ဟု နောက်နောင်မှ စစ်ဆေး၍ အခွင့်အရေးမရှိကြောင်း ကြေညာနိုင်ရန် တဖက်လှည့်ဖြင့် ပြဌာန်း ထားခြင်း ဖြစ်ပါသည်။ နအဖ စစ်အုပ်စုက သူတို့လူကို သူတို့ကိုယ်တိုင် ခွင့်ပြုထားပြီး (အခွင့်အရေးမရှိဘဲ) သူတို့ လိုချင်သည့် ဆုံးဖြတ်ချက် ရယူကာ စစ်အုပ်စု သဘောအကြိုက် မလိုက်သည့် အချိန်တွင် ဖြုတ်ပစ်နိုင်ရန် ကြိုတင် အကွက်ဆင် ပြဌာန်းထားခြင်း ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ အာဏာ လည်ပတ်မှု ပန်ကာ ထိပ်မှ ဘု ပုဒ်မ- (၂) ခု ကို တွေ့နေရပါသည်။

ဥပဒေ အရေးအသားမှာ တည့်မတ် မှန်ကန်ရေးကို အလေးထား၍ လိုရင်း တိုရှင်း ပွင့်ပွင့် လင်းလင်း ရေးရပါ မည်။ တရားမျှတမှုကို ဖော်ပြရာတွင် ဖြောင့်စင်း ရသည်။ ရှုပ်ရှုပ် ထွေးထွေး လိမ်ညာ လှည့်ပတ်လိုသည့် သဘော ကင်းစင် ရပါသည်။ တရားမျှတမှု မရှိ ၊ ဥပဒေနှင့် မတူရုံသာမက ဘာသာ စကားအရလည်း အဓိပ္ပာယ်မပေါက်၊ ၀ါကျ လည်း မမှန် ညံ့ဖျင်းသည့် အရေးအသားများဖြင့် မှတ်တမ်း တင်ထားခြင်းမှာ နိုင်ငံတနိုင်ငံ၏ စာပေ ယဉ်ကျေးမှု ရေချိန် ကို အလွန်နိမ့်ကျ စေပါသည်။ နိုင်ငံတကာ အလယ်တွင် ပျက်ရယ်ပြုခြင်း ခံရပါမည်။ အင်မတန် ရှက်စရာ ကောင်းပါ သည်။ နအဖ စစ်အုပ်စုကြောင့် အောက်တန်း နောက်တန်း ရောက်သွားပေတော့မည်။ ထို့ကြောင့် ဥပဒေ မဟုတ် သော (၂၀၀၈) ခုနှစ် ပြဌာန်းချက် များ၏ ပြင်မရသော အမှားများကို ဖျက်ပစ်ရမည် မှတပါး တခြားမရှိပြီ။

ဦးမျိုး

0 comments: