Saturday, December 15, 2012

KIO ဌာနချုပ် လိုင်ဇာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ


 

KIO ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် ၄ မိုင်ခန့် အကွာရှိ လဂျားယန်ရွာအနီးတွင် KIA , ABSDF ပူးပေါင်းတပ်များနှင့် အစိုးရစစ်တပ်တို့ အကြား နှစ်ဘက်တိုက်ပွဲများ  ပြင်းထန်စွာ
 ဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခန့်မှ မွန်းလွဲပိုင်း ၂ နာရီကျော်အထိ ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ အစိုးရတပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းရောက်
 ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ရင်ဆိုင်တိုက်ပွဲတွေ မနားတန်းဖြစ်နေတုန်း အတော်ပြင်းထန်နေတယ်၊ သူတို့ဘက်က လွယ်မောက် အမြောက် စခန်းနဲ့ ခမ်းကိုင် အမြောက်စခန်းကနေ အမြောက်တွေနဲ့ပစ်နေတယ်၊ လေကြောင်းပစ်ကူက နှစ်ကြိမ် ၊ မနက် ၁၁ နာရီလောက်က ရဟတ်ယာဉ် နှစ်စီးနဲ့ လဂျားယန်ရွာကို ပစ်တယ်၊ မွန်းလွဲ နှစ်နာရီလောက်မှာ ရဟတ်ယာဉ် ၄ စီးနဲ့ ဘွမ်ဆွမ်စခန်းကို ၀င် ပစ် တယ် ” ဟု သူက ပြောသည်။

အစိုးရတပ်ဘက်မှ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းနေပြီး အခြားနေရာ ၃ ခုတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

“သူတို့ဘက်က စစ်ကြောင်းတွေ ဖြန့်တက်နေတယ် အင်အားတွေလည်း ထပ်ဖြည့်နေတယ် တခိျု့တပ်တွေက လဂျားယန် ရွာထဲဝင်နေပြီ အခုဖြစ်နေတာက  မြစ်ကြီးနား - လိုင်ဇာလမ်း ခလားဘက်ရယ် နန်ဆန်ယန်ဘက်ရယ် ဆင်ဘိုခွင်က ဧရာဝ တီ မြစ်တစ်ကျောတွေမှာလည်း ဖြစ်နေတယ်” ဟု ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဘက်အကျအဆုံးများရှိပြီး လဂျားယန်တိုက်ပွဲတွင် KIA ဘက်မှ တစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာ ရ ကြောင်း အစိုးရတပ်မှ အကျအဆုံး အတိအကျ မသိရသော်လည်း စစ်လက်နက် အသုံးအဆောင်များနှင့် ရုပ်အလောင်းများ သိမ်းဆည်းရမိကြောင်း သူက ဆက်ပြောသည်။

သတင်းအရင်းအမြစ်-  http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3732-kio----.html 


0 comments: