Saturday, January 15, 2011

ချုပ်ရိုးပြတ် ဇာတ်သိမ်း

. . .

စက္ကူညစ်ညမ်းညမ်းလေးပေါ်မှာ
မပြီးဆုံးသေးသော အချစ်ဇာတ်လမ်းတစ်ပုဒ်
ကျွန်တော်လေ ..
ကျွန်တော်...ဘယ်လို ဇာတ်သိမ်းပေးရပါ့ 
အလွမ်းကိုတစ်ခန်းရပ်ရင်လည်း
ခပ်ဆန်းဆန်းလေးဖြစ်ချင်တယ်။

ပေါင်းစပ်ကြစတမ်းဆိုရင်
အဝါရောင်နှင်းဆီနှလုံးသားမှာ
ပွင့် လွှာပေါ်ရပ်နေတဲ့ လိပ်ပြာအနမ်းလေးနဲ့
ကောင်းကင်ကို
လိမ္မော်ရောင်နံနက်ခင်းလေးပေးပြီး
ခန်းနားတဲ့ဇာတ်သိမ်းလေး
ဖန်ဆင်းပေးချင်တယ်။

ကဗျာဆရာတဲ့လား
နှလုံးသားကို အခါခါခွဲလိုက်
ပြန်ဆက်လို့မရတဲ့ သီအိုရီတွေနဲ့
နွေပန်းချီတွေကိုချယ်မှုန်းပြီး
အမုန်းနဲ့ ခွဲရက်စေခဲ့တာမျိုး ...။

တစ်ခါတစ်ခါ
အလွမ်းနာကျနေတဲ့
ဇာတ်ရုပ်နဲ့ ကဗျာထဲမှာနာကြင်
ပင်လယ်ပြင်ကိုငေးမော
ဇင်ယော်မောင်နှံကိုအားကျရင်း
သက်ပြင်းတွေမှုတ်ထုတ်
အပူရုပ်နဲ့ ဇာတ်သိမ်းခန်းကို
လှစ်ပြလိုက်ပါသေးတယ်။

ခံစားမှုစာစုတွေနဲ့ 
အမှောင်ထုထဲမှာ
ကဗျာတွေကိုတည်ဆောက်ရင်း
မွန်းကြပ်နေတဲ့ ကဗျာဆရာ
ဝေဒနာ အကြေစတွေနဲ့  သူ့ ကဗျာ
သူ့ကိုယ်ပိုင်ဇာတ်မှာတော့
သူ ဘယ်လိုဇာတ်သိမ်းပေးရပါ့
ဒယီးဒယိုင် ယိမ်းယိုင်နေတဲ့သူ့ ကို
သူငယ်ချင်း...မင်းတို့ပဲဇာတ်သိမ်းပေးပါ။ ။

0 comments: