Thursday, February 24, 2011

ထိုင်းတွင် ဖမ်းမိ လက်နက်များ “ဝ” ကို ရောင်းချရန်ဟု ဆို

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အတွက် လက်နက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။

mm-weapons

ဖမ်းဆီးရမိသည့် လက်နက်များကို ပြသထားစဉ် (ဓာတ်ပုံ - Krobkruakao)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ဒေသခံ ထိုင်းနိုင်ငံသား ၂ ဦး၏ နေအိမ်များတွင် ထိုင်းရဲနှင့် စစ်တပ်အာဏာပိုင်များ ပူးပေါင်း၍ ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သက်သေခံ ပစ္စည်းများအဖြစ် ရောင်းချထားပြီးသား ၉ မမ ပစ္စတို သေတ္တာ ၅၆ သေတ္တာနှင့် သေနတ်ပြောင်းရှည် ၂ လက်နှင့် M 60 သေနတ် ကျည်ဆန်အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်း ရမိကြောင်း ထိုင်းအခြေစိုက် Krobkruakao သတင်း ၀က်ဘ်ဆိုက်တွင် ရေးသားထားသည်။

အဆိုပါ သတင်းတွင် ဖော်ပြချက်အရ UWSA တပ်ဖွဲ့ဝင်များတွင် လက်နက်ထုတ်လုပ်သည့် စက်ရုံများ ရှိသည်ဟု သိရှိထားသော်လည်း အဖမ်းခံရသူများ၏ ထွက်ဆိုချက်အရ လက်နက်များကို နယ်စပ်ဒေသရှိ “၀” တပ်ဖွဲ့ဝင်များထံသို့ ပေးပို့ရန် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်သော “အထွန်း” ဆိုသူနှင့် မြန်မာနိုင်ငံဘက်ခြမ်းမှ လူတဦး ပူးပေါင်း၍ ခိုင်းစေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်များကို စစ်ဆေးတွေ့ရှိချက်အရ တချို့လက်နက်များကို နခွန်စဝမ် (Nakhon Sawan) ခရိုင်မှ တဆင့် သယ်ယူခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ထိုင်းထောက်လှမ်းရေးနှင့် နီးစပ်သူတဦးက လက်နက်ရောင်းဝယ်သူများ ဖမ်းဆီးမိသည်ဟု ကြားသိရသော်လည်း မြန်မာဘက်အခြမ်းမှ ပါဝင်ပတ်သက်မှုများနှင့် ပတ်သက်၍ အသေးစိတ်မသိကြောင်း ဧရာဝတီသို့ ပြောသည်။

လက်နက်များ ဖမ်းဆီးရရှိမှုကို မယ်ဆိုင်မြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ လက်နက်ကိစ္စနှင့် ဖမ်းဆီးထားသော တရားခံများ ယင်းတို့စခန်းတွင် ထိန်းသိမ်းထားခြင်း မရှိကြောင်း ပြောသည်။

UWSA တွင် စစ်သည်အင်အား နှစ်သောင်းမှ နှစ်သောင်းခွဲကြားရှိကြောင်း၊ ၎င်းတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

သတင်းအရင်းအမြစ်- http://www.irrawaddymedia.com/bur/index.php/news/5817-2011-02-23-10-35-21

အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုစရန် လှုံ့ဆော်စာဖြန့်

အီဂျစ်နှင့် အာရပ်နိုင်ငံများကဲ့သို့ လူထုလှုပ်ရှားမှု စတင်ရန် လှုံ့ဆော်သည့် စာများကို ယမန်နေ့ညက ရန်ကုန် တာမွေ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့်မြို့နယ်များရှိ လူစည်ကားရာ အရပ်များတွင် လူငယ်များက ဖြန့်ကြဲသွားကြောင်း သတင်းရရှိသည်။

အီဂျစ်နှင့် တူနီးရှားနိုင်ငံများ၌ အာဏာရှင်ဖြုတ်ချရေးတွင် လူထုအုံကြွမှုဖြင့် အောင်ပွဲများရခဲ့ပြီး အာရပ်နိုင်ငံများတွင်လည်း အာဏာရှင် တော်လှန်ရေးအတွက် လူထုအုံကြွမှုများ စတင်နေပြီဖြစ်ရာ မြန်မာစစ်အစိုးရ ပြုတ်ကျရေးအတွက်လည်း မြန်မာပြည်သူတို့က လူထုအုံကြွမှုဖြင့် စတင်ကြရန် နှိုးဆော်ကြောင်း အဆိုပါ ဖြန့်ဝေစာတွင် ရေးသားထားသည်။

စာလက်ခံ ရရှိသူများက စာပါအကြောင်းအရာ များကို စိတ်ဝင်တစား ရှိကြသော်လည်း လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာရန်မှာမူ အချိန်ကာလတခု ကြာမြင့်ဦးမည်ဟု စာများဖြန့်ဝေခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုဖိုးတေက ဆိုသည်။

“ချက်ခြင်းကြီးတော့ မျှော်လင့်လို့ မရသေးဘူး။ အခု လွှတ်တော်ကလည်း လုပ်နေတော့ အားလုံးရဲ့အာရုံက အဲဒီဘက်ကို ရောက်နေတယ်။ တနေ့ကျရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိပါးလာလိမ့်မယ်။ အဲဒီ အချိန်မျိုး ရောက်လာရင် နိုင်ငံရေး ဒီဂရီ ချက်ခြင်းမြင့်လာလိမ့်မယ်။ အဲ့ဒီအတွက် ကြိမ်မီးအုံး ဖြစ်နေတဲ့ လူထုကို ကြိုတင် ပြင်ဆင်ထားဖို့ လှုံ့ဆော်တာပါ” ဟု သူက ဧရာဝတီသို့ပြောသည်။

အာဏာရှင် သမ္မတ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် အီဂျစ်လူထုအုံကြွမှုနှင့် အာရပ်နိုင်ငံများမှ လူထု လှုပ်ရှားမှုများအကြောင်း ပြည်တွင်း သတင်းဂျာနယ်များတွင် အသေးစိတ် ဖတ်ရှုခွင့် မရသော်လည်း မြန်မာလူငယ်ထု အနေဖြင့် စိတ်ဝင်တစား ရှိကြကြောင်း ရန်ကုန်မြို့နေ လူငယ်တဦးကဆိုသည်။

“ကျနော့် သူငယ်ချင်းတွေဆို အီဂျစ်က အကြောင်း စိတ်ဝင်စားကြတယ်။ အင်တာနက်ကနေ ရှာဖတ်ကြ၊ မေးကြတယ်။ အဲဒီလို လူထု လှုပ်ရှားမှုတွေ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့က ၀င်ပါပြီး စစ်အစိုးရ ပြုတ်ကျအောင် လုပ်မှာပဲ။ ကျနော်တို့ကို ဦးဆောင်မယ့်သူ ကောင်းကောင်းတော့ လိုတာပေါ့” ဟု သူက ပြောသည်။
သတင်းအရင်းအမြစ်- http://www.irrawaddymedia.com/bur/index.php/news/5825-2011-02-24-07-27-17

မြ၀တီ မြို့နယ်ခွဲ အသစ် DKBA တိုက်မည်ဟု သတိပေး

ကရင်ပြည်နယ် မြ၀တီခရိုင် အတွင်း မကြာမီ ဖွင့်လှစ်မည့် ချူးကလိ မြို့နယ်ခွဲကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က တိုက်ခိုက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင် ရှောင်တိမ်းနိုင်ရန် သတိပေးထားသည်။

dkba-and-knu-11

တိုက်ပွဲဝင် DKBA နှင့် KNUပူးပေါင်းအဖွဲ့၏ လက်ဖြောင့် တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)

DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “မကြာခင် နအဖ က မြ၀တီမြို့နယ်ခွဲ ဆိုပြီး ချူးကလိမှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ အဲဒီမြို့သစ် ဖွင့်ဖို့အတွက် အင်္ဂါနေ့က မြ၀တီမြို့ထဲ စစ်ကားကြီးအစီး ၄၀ ကျော်ဝင်လာ တယ်၊ မြို့သစ်မှာ တာဝန်ကျတဲ့ ဆေးရုံ ၀န်ထမ်းတွေ၊ ပညာရေးဌာနက လူတွေ၊ အခြားဌာနက လူတွေကို ကျနော်တို့ ကြိုပြီး သတိပေးတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြ၀တီမြို့နယ်ခွဲ ချူးကလိမြို့သစ်သည် မြ၀တီတောင်ဘက် မိုင် ၃၀ ကျော်အကွာ မြ၀တီနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် အစပ်တွင် တည်ရှိပြီး လက်ရှိလုံခြုံရေး တာဝန်ကို ရဲ ၀န်ထမ်း ၁၀၀ ကျော်က တာဝန်ယူထားသည်ဟု သိရသည်။

“ကျနော်တို့ရဲ့ အဓိက ပစ်မှတ်က နအဖပဲ ဖြစ်တယ်၊ ဒါပေမယ့် စစ်ဆင်ရေး လုပ်တဲ့အချိန်မှာ အရပ်သား တချို့ကို ထိခိုက် ခဲ့တာတွေရှိတဲ့ အတွက် ကြိုတင်အသိပေးရတာ ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။

DKBA ၏ အဆိုအရ ၎င်းမြို့သစ်တွင် ထိုင်းနိုင်ငံဘက်၌ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များအား မြန်မာဘက်ကပြန် လည်လက်ခံမည့် အစီအစဉ်ကို နှစ်ဘက် အာဏာပိုင်များ သဘောတူညီမှု ရရှိထားသည်ဟုလည်း သိရသည်။

မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို ထိုင်းနိုင်ငံက အားပေးမည်မဟုတ်ကြောင်းနှင့် ထိုင်း နယ်မြေကိုလည်း ခြေကုတ်ယူခွင့်မပြုဟု ထိုင်းအာဏာပိုင်များက မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက် ၍လည်း DKBA က လက်မခံနိုင်ကြောင်း ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က“ကျနော်တို့တော်လှန်ရေး လုပ်တာက ကိုယ့်အားကိုယ်ကိုးပဲ၊ ထိုင်းကိုမှီခိုပြီး လုပ်နေတာမဟုတ်ဘူး၊ ထိုင်းဆီကလည်း ဘာမှအလကားမရဘူး၊ နအဖ ကို တော်လှန်နေတဲ့အဖွဲ့တွေကို တင်းကျပ်မှုတွေလုပ်နေတာက သူ့အကျိုးစီးပွားနဲ့ မြ၀တီတံတားပြန်ဖွင့်ဖို့ အတွက် နအဖ ကို မျက်နှာလုပ်တာဖြစ်တယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပိတ်သည့်ပြဿနာသည် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် အတွင်း ထိုင်းဘက်မှ ကမ်းထိန်းနံရံတည်ဆောက်ရာ မြန်မာဘက်ကမကျေနပ်၍ ချစ်ကြည်ရေးတံတားကိုပိတ်လိုက်ခြင်း ဖြစ်ပြီး DKBA အပါအ၀င် မည်သည့်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တစုံတရာပတ်သက်မှုမရှိကြောင်းလည်း ဗိုလ်မှူးဆန်းအောင် က ပြောဆိုသည်။

ဖေဖော်ဝါရီ လလယ်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ရန် DKBA က သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို တိုက်ခိုက်မှုကြောင့် မြ၀တီ မှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

သတင်းအရင်းအမြစ်- http://www.irrawaddymedia.com/bur/index.php/news/5821----dkba--

Wednesday, February 23, 2011

တအာင်းအမျိုးသားပါတီ လူထုအတွက် တိုးတက်ဖွံ့ဖြိုးမှုများ လက်တွေ့အကောင်အထည်မဖော်နိုင်သေးသလို ရုံးဖွင့်ရန်လည်း ငွေကြေးခက်ခဲ

တအာင်းအမျိုးသားပါတီသည် ရွေးကောက်ပွဲပြီးကတည်းက ငွေကြေးအခက်အခဲများကြောင့် ပလောင်လူထုအတွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် ယခုချိန်အထိ ရုံးဖွင့်ရန်ပင် အခက်ခဲဖြစ်နေကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ တအာင်းအမျိုးသားပါတီသည် လွန်ခဲ့သော နိုဝင်ဘာလ ၂ဝ၁ဝရွေး ကောက်ပွဲပြီးကတည်းက ယနေ့ချိန်ထိပင် ပလောင်ပြည်သူလူထုများအတွက် တိကျသော လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှု တစ်စုံတစ်ရာမျှ မလုပ်နိုင်ခဲ့သည်အပြင် ငွေကြေးအခက်ခဲကြောင့် မြို့နယ်များတွင်လည်း ရုံးများမဖွင့်နိုင်ချေ။ မိမိ၏ မိသားစုစီးပွားရေးကိုသာ ဦးစားပေးလုပ်ဆောင်ကြခဲ့ကြပါသည်ဟု ပါတီဝင်တစ်ဦးမှ ပြောပြခဲ့ပါသည်။

“ကျနော်တို့ရဲ့ဝန်ထမ်းတွေကို သူများတွေလိုလစာ(ထောက်ပံ့ကြေး)တွေမပေးနိုင်ဘူး၊ ပါတီက ပိုက်ဆံလဲ မရှာနိုင်လို့လေ။ ပါတီဝင်တွေကို တစုစည်းဖြစ်အောင် စုရုံးလိုက်တိုင်းမှာ တယောက်ကအားရင် တယောက်က မအားလိုက် ဖြစ်နေကြတယ်။ ရုံးမှာလဲ ဘယ်သူမှမရှိဘူး။ ဒီအတိုင်းပဲ ပိတ်ထားတာကြာပြီ။ အားလုံးလိုလို ကိုယ်ရေးကိုယ်သာ အလုပ်ကိုပဲ ဦးစားပေးကြတယ်၊၊ ပါတီဝင်ရှိတာကဖြင့်နည်းနည်း ဒါတောင်မှ ကြံဖွံ့အဖွဲ့ကို ၂ယောက်ပေးရသေးတယ်။ ရှိတဲ့လူတွေနဲ့ ဘယ်လိုလုပ်ပြီး အလုပ်လုပ်တော့မှာလဲ”

ပလောင်ပြည်သူများအတွက် လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်အောင် လမ်းများပြုပြင်ပေးရန်၊ ပညာရေးနှင့်ပတ်သက်ပြီး ကျေးရွာများတွင် ကျောင်းဆောက်ပေးရန်၊ လုံလောက်သော ဆရာမများထားပေးရန်၊ ကျန်းမာရေးတွင်လည်း အပြည့်အဝခံယူ ကုသခွင့်ရအောင် လုပ်ဆောင်ပေးမယ်ဟု စည်းရုံးရေးဆင်းခဲ့စဉ်တွင် ပြောခဲ့သော်လည်း လက်တွေ့တွင်မည်သည့်အရာမှ အကောင်အထည် မဖော်ဆောင်နိုင်သေးချေ။ ဤအချက်များကို လွတ်တော်ခေါ်သည့်အချိန်တွင် တင်ပြရန်ရှိသည်။ သို့သော် ဖြစ်လာမည် မဖြစ်လာမည်ဆို သည်ကို အပြည့်အဝ မျှော်လင့်ရသည့်အခြေအနေမရှိဟု ၄င်းမှ ဆက်လက်ပြောပြခဲ့ပါသည်။

ရွေးကောက်ပွဲ မတိုင်မှီကာလတွင် တအာင်း (ပလောင်) အမျိုးသားပါတီက အခြေခံမူဝါဒ သဘောထား (၈)ချက်နှင့် လုပ်ငန်းစဉ်အချက် (၂ဝ) လုပ်ဆောင်သွားရန် စက်တင်ဘာ ၂၉ရက်နေ့ ၂ဝ၁ဝခုနှစ်တွင် တင်ပြဟောကြားခဲ့ပါသည်။

သတင်းအရင်းအမြစ်-ပလောင်အမျိုးသမီးအစည်းအရုံး- http://palaungwomen.com/index.php?option=com_content&view=article&id=195:2011-02-11-13-17-11&catid=3:latest-news&Itemid=6

တရားဥပဒေ စိုးမိုးမှု မရှိဘဲ လုံခြုံဘေးကင်းမှု မရနိုင်

ဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ လူ့အဖွဲ့အစည်း တရပ်မှာ လုံခြုံဘေးကင်းမှု မရနိုင်သလို လွတ်လပ်မှု ဆိုတာလည်း အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကနေဒါနိုင်ငံ ကာလ်တန် (Carleton) တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းတဲ့ အခမ်းအနားအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှုအတွက် ရပ်တည် ဆောင်ရွက်သွားမယ်လို့ အဲဒီ အခမ်းအနားကို ပေးပို့ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ အဲဒီမိန့်ခွန်းနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကနေဒါနိုင်ငံ ကာလ်တန် တက္ကသိုလ်မှာ ကျင်းပတဲ့ အဲဒီ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ချီးမြှင့်ပွဲကို တက္ကသိုလ် အဓိပတိ အပါအ၀င် ကနေဒါ လွှတ်တော်အမတ်တွေ၊ ကနေဒါ အစိုးရပိုင်းက အရာရှိတွေပါ တက်ရောက်ခဲ့ကြပါတယ်။ ဆုချီးမြှင့်ခံရသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီပွဲကို ရောက်မလာနိုင်ပေမဲ့ ဗွီဒီယိုကတဆင့် တတ်ရောက်လာသူတွေကို မိန့်ခွန်းစကား ပြောပါတယ်။ လွတ်လပ်မှုနဲ့ လုံခြုံမှုဟာ တပြိုင်နက်တည်း ရှိဖို့လိုသလို အဲဒီအတွက်ဆိုရင် ဥပဒေစိုးမိုးမှုဟာ မဖြစ်မနေ အရေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ဥပဒေဆိုတာ လူသားတွေရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေအနက် တခုဖြစ်တယ် ဆိုတာကို လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျမ အခိုင်အမာ သဘောပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေဆိုတာဟာ တရားမျှတတဲ့ ဥပဒေ ဖြစ်ရပါမယ်။ အဲဒီလို တရားမျှတတဲ့ ဥပဒေတွေကို ကျင့်သုံးမှသာ လူသားတွေဟာ တကယ့်ကို ယဉ်ကျေးတဲ့ လက္ခဏာ ပေါ်လာမှာပါ။ အခုလို ကျမကို ဥပဒေရေးရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်လိုက်တာဟာ ကျမကို ယဉ်ကျေးတဲ့ လူသားတဦး အနေနဲ့ ယူဆ သတ်မှတ်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှုအတွက် ဥပဒေ အထောက်အကူပြု အဖွဲ့ဆိုတာကို ဖွဲ့စည်းခဲ့သလို ဒီအဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသား အမှုတွေအတွက် အထူးတာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောပါတယ်။ တရားရေး လွတ်လပ်ခွင့် မရှိတဲ့ မြန်မာနိုင်ငံမှာ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့က ဆောင်ရွက်တဲ့အမှု အတော်များများဟာ အနိုင်မရခဲ့ပါဘူး။

ဒါပေမဲ့ ဒီအတွက် စိတ်ဓာတ်မကျဘဲ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်မှု ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် အခုချီးမြှင့်တဲ့ ဆုကိုလည်း အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ကိုယ်စား လက်ခံရယူလိုက်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

“ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြုရေး အဖွဲ့ရဲ့ ကိုယ်စား လက်ခံရယူတယ်လို့ ခံစားရပါတယ်။ ဒီအဖွဲ့အကြောင်းကို အနည်းငယ် ရှင်းပြချင်ပါတယ်။ မြန်မာ နိုင်ငံမှာ ဒါမျိုးဟာ ပထမဆုံး ဖွဲ့စည်းတဲ့ ဥပဒေရေးရာအဖွဲ့ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ၁၉၉၅ ခုနှစ် တုန်းက စတင်ဖွဲ့ခဲ့ပါတယ်။

“နိုင်ငံရေး ရာဇ၀တ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေရဲ့ အမှုကို ကူညီဆောင်ရွက်ပေးဖို့ ဖွဲ့စည်းခဲ့တာ ပါ။ ဒီအမှုမျိုးတွေကို ကျမကတော့ ရာဇ၀တ်မှုရယ်လို့ မမြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေး အကြောင်းပြချက်နဲ့ စွပ်စွဲဖမ်းဆီးခံရတဲ့ အမှုတွေ ဖြစ်တာကြောင့် နိုင်ငံရေး ရာဇ၀တ်မှုတွေလို့ ကျမကတော့ ခေါ်ချင်ပါတယ်။ အာဏာပိုင်တွေကတော့ သူတို့ကို ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုပြီး ထောင်ထဲ ထည့်ခဲ့ပါတယ်။”

ဥပဒေဆိုတဲ့နေရာမှာ တရားမျှတမှု လိုအပ်သလို တရားမျှတတဲ့ ဥပဒေ ဖြစ်မှသာ လူ့ယဉ်ကျေးမှု လက္ခဏာ ရပ် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဥပဒေ စိုးမိုးရေးအတွက် ကျမတို့ ရပ်တည် ဆောင်ရွက်ပါတယ်။ ဘယ်တိုင်းပြည် ဘယ်လို လူ့အဖွဲ့အစည်းမှာ မဆို ဥပဒေစိုးမိုးမှု မရှိဘဲ လုံခြုံဘေးကင်းမှု မရှိနိုင်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။ စစ်မှန်တဲ့ လုံခြုံမှု မရ ရင်တော့ စစ်မှန်တဲ့ လွတ်လပ်မှု မရှိနိုင်ပါဘူး။ လုံခြုံမှုမရှိတဲ့ လွတ်လပ်မှု ဆိုတာဟာ ပြီးပြည့်စုံမှု မရှိပါဘူး။ လွတ်လပ်မှုတွေ ဖယ်ထုတ်ထားတဲ့ လုံခြုံဘေးကင်းမှုသက်သက် ဆိုတာဟာလည်း ပြီးပြည့်စုံမှု မရှိပါဘူး။ လွတ်လပ်မှုနဲ့ လုံခြုံဘေးကင်းမှုဟာ တပြိုင်နက်တည်း ရှိရမယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးအတွက် ကျမတို့အနေနဲ့ အခိုင်အမာ ရပ်တည် ဆောင်ရွက်နေပါတယ်။”

ကနေဒါနိုင်ငံ အော်တ၀ါမြို့က ကာလ်တန် တက္ကသိုလ်မှာ ကျောင်းသားဦးရေ ၂၄,၀၀၀ လောက်ရှိပြီး အဲဒီက ကျောင်းသားတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ ဆောင်ရွက်ပေးလေ့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်ရေးဆိုတဲ့ ယုံကြည်ချက် အပေါ်မှာ သူမကိုယ်တိုင် လွတ်လပ်မှုကို အနစ်နာခံ ပေးဆပ်ပြီး ဆောင်ရွက်နေတဲ့ ရာစုနှစ်အတွင်း ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တာကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်တာ ဖြစ်တယ်လို့ ဆုချီးမြှင့်တဲ့ တက္ကသိုလ်ရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသား အဖြစ်လည်း ချီးမြှင့်ခံခဲ့ ရဖူးပါတယ်။

သတင်းအရင်းအမြစ်-VOA- http://www.voanews.com/burmese/news/dassk-canada-carleton-university-116702619.html

အဆုံးအဖြတ် နေရာတွင် ဒေါ်စု ရှိဟု မကဒတ ပြော

မြန်မာ့နိုင်ငံ ပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အဆုံးအဖြတ်ပေးမည့် နေရာတွင် ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) က ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာရှိ မကဒတ ဗဟိုဌာနချုပ်တည်ရှိရာ ဒေါင်းဂွင်၌ နဝမ အကြိမ် ညီလာခံကို ယခုလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“မြန်မာ့နိုင်ငံရေးမှာ မလွဲမသွေ အဆုံးအဖြတ်ပေးမယ့် နေရာမှာ ပါဝင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီယူဆချက်အောက်မှာ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေ၊ လူထုခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေ၊ ကိုယ်ပိုင်အခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထု လှုပ်ရှားမှုတွေက အရှိန်မြင့် လာတော့မယ်လို့ ထင်တယ်’’ ဟု မကဒတ ခေါ် ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းမည့် တွေ့ဆုံဆွေးနွေးရေးကို စစ်အစိုးရ လုပ်ဆောင်ရန် လိုအပ်လျက်ရှိရာ၊ ဆက်လက်၍ လျစ်လျူရှုပါက စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများ ပိုမိုကြီးထွားလာနိုင်သည်ဟု သူက ဆိုသည်။

တပ်ရင်း ၉ ရင်းမှ ကိုယ်စားလှယ်များ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း တပ်ရင်းတပ်ဖွဲ့ တာဝန်ခံများနှင့် ဗဟိုကော်မတီဝင်အဟောင်းများပါ တက်ရောက်ခဲ့သော မကဒတ ညီလာခံကြီးက လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ရေး ဆက်လုပ်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။

’’လူထုတိုက်ပွဲဆိုတာ လူထုက မိမိအခွင့်အရေးကို မိမိကိုယ်တိုင် ကြိုးပမ်းရုန်းကန်တာ ဖြစ်တယ်။ အခွင့်အရေးဆိုင်ရာ တိုက်ပွဲတွေ၊ အစုအဖွဲ့တိုက်ပွဲတွေ ရှိနိုင်တယ်။ တပြိုင်ထဲမှာ နိုင်ငံရေးအခွင့်အရေး လွတ်လပ်ခွင့်တွေ တောင်းဆိုတဲ့ တိုက်ပွဲတွေ ရှိတယ်၊ အလုပ်သမား တိုက်ပွဲတွေ ရှိတယ်။ ဒီဟာတွေရဲ့ ပေါင်းစပ်မှုတွေဟာ လူထုတိုက်ပွဲတွေလို့ ကျနော်တို့ နားလည်တယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာကလည်း လူထုတိုက်ပွဲတွေထဲမှာ ပုံသဏ္ဍာန်ဝင်တဲ့ တိုက်ပွဲတခုသာ ဖြစ်တယ်။ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲဆိုတာ ခွဲခြားထားလို့ မရဘူး’’ ဟု ရဲဘော်သံခဲက ဆိုသည်။

စစ်အာဏာရှင် ဖိနှိပ်မှု ကြီးမားသည့် ကာလတွင် အချိန်မရွေး လူထုတိုက်ပွဲဖြစ်နိုင်ပြီး၊ နောက်ဆက်တွဲ လက်နက်ကိုင် တိုက်ပွဲများပါ တဆင့်တက် ပေါ်ပေါက်လာနိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများတွင် လူထုတိုက်ပွဲများ ဖြစ်ပွားရာနောက် လက်နက်ကိုင်တိုက်ပွဲများ ရှိနေသဖြင့် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ စည်းမခြားဘဲ စစ်အာဏာရှင် ဖြုတ်ချရာ၌ ပူးတွဲသွားရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် လွှတ်တော်များနှင့် ကြံ့ဖွံ့အစိုးရက လက်ရှိနိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်သည့်အပြင်၊ မြန်မာပြည်လူထုအနေဖြင့် နိုင်ငံရေး အကျပ်အတည်းများ ပိုမိုကြီးထွားလာနိုင်သည်ဟုလည်း ဆိုသည်။

မကဒတ သည် ဘဏ္ဍာငွေ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့သော်လည်း နိုင်ငံတကာရောက် မြန်မာအဖွဲ့အစည်းများနှင့် ရဲဘော်ဟောင်းများ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။

မကဒတ ညီလာခံက ဥက္ကဋ္ဌအဖြစ် ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ ရဲဘော်မြင့်ဦး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ရဲဘော်ခင်ကျော် အပါအဝင် ဗဟိုကော်မတီဝင် ၁၅ ဦးနှင့် အရံကော်မတီဝင် ၃ ဦးကို ရွေးချယ်ခဲ့ကြသည်။

မကဒတကို ၈ လေးလုံး အရေးတော်ပုံအပြီး ၁၉၈၈ နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အတူ လက်နက်ကိုင်တိုက်ပွဲကို ယနေ့ထိ ဆင်နွှဲနေခြင်း ဖြစ်သည်။

ဖွဲ့စည်းချိန်မှ ၂ဝဝ၈ သြဂုတ်လအထိ ကျဆုံးသူနှင့် သေဆုံးသူ ရဲဘော် ၆၁ဝ ဦး ရှိပြီဖြစ်ကြာင်း မကဒတ အင်တာနက် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

သတင်းအရင်းအမြစ်-Mizzima

Tuesday, February 22, 2011

ပြည်သူ့စစ် ဖွဲ့စည်းရေး KIO လူထုရှင်းလင်းပွဲလုပ်

ပည်သူ့စစ်ဖွဲ့စည်းရေးတွင် ကချင်လူထုတရပ်လုံး ပါဝင်အမှုထမ်းကြရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။

ပြည်သူ့စစ် ဖွဲ့စည်းရေး လူထုရှင်းလင်းပွဲတရပ်ကို KIO ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ဖုန်မိုင်ခန်းမ၌ ပြုလုပ်ရာ KIO လက်နက်ကိုင်တပ် KIA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်ထန်ဂမ်သျှောင်နှင့် နယ်ဘက် အထွေထွေ အုပ်ချုပ်ရေးဌာန တာဝန်ခံ ဦးလဂျောင်ခေါင်လွဏ်းက ဦးဆောင်ကာ တိုက်တွန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

kachinKansoung

KIO၏ တော်လှန်ရေးလမ်းစဉ်သည် နိုင်ငံရေးနှင့် ပူးတွဲကာ စစ်ရေးလမ်းစဉ်ကို ချမှတ်ထားကြောင်း KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန် ဂမ်သျှောင်ပြော

“အခုနောက်ပိုင်း KIO က စစ်ဆင်ရေး စတင်တော့မယ်ဆိုတာတွေ ပြောတယ်။ ဒါကြောင့် KIO ရဲ့ တော်လှန်ရေးက လူထုတော်လှန်ရေးနဲ့ KIO ဝန်ထမ်းတွေအားလုံး တိုက်ပွဲမှာ ပါဝင်ရမယ်ဆိုတာတွေ ပြောတယ်” ဟု KIO အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။ KIO တော်လှန်ရေးလမ်းစဉ်သည် နိုင်ငံရေးနှင့် ပူးတွဲ၍ စစ်ရေးလမ်းစဉ်ကို ချမှတ်ထားကြောင်းနှင့် ပြည်သူ့တော်လှန်ရေး လမ်းစဉ်ဖြစ်သဖြင့် ပြည်သူတရပ်လုံး ပါဝင်ရမည်ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်ထန်ဂမ်သျှောင်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

မနက်ပိုင်းတွင် KIA တပ်ဖွဲ့ဝင် ၁၃ဝဝ ကျော် တက်ရောက်သော ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး၊ နေ့လည်ပိုင်းတွင် လိုင်ဇာမြို့ ၀ုန်ရလောတ် WungRawt ခန်းမ၌ ဒေသခံ ရပ်မိရပ်ဖများ၊ လူငယ်များ စုစုပေါင်း ၁၄ဝဝ ကျော် တက်ရောက်ခဲ့သည်။

kachinpeople

လိုင်ဇာမြို့ ၀ုန်ရလောတ် WungRawt ခန်းမ၌ ဒေသခံ ရပ်မိရပ်ဖများ၊ လူငယ်များ စုစုပေါင်း ၁၄၀၀ ကျော် တက်ရောက်

KIO ၏ ပြည်သူ့စစ်အဖွဲ့တွင် အသက်အရွယ်ကောင်းသော လူငယ်များ၊ KIO ဝန်ထမ်းဟောင်းများနှင့် စစ်ထွက် ဝန်ထမ်းဟောင်များသည် လိုအပ်လျှင် အချိန်ပြည့် စစ်မှုထမ်းဆောင်ရမည်ဟုလည်း အခမ်းအနားတွင် KIO ခေါင်းဆောင်များက ပြောဆိုခဲ့သည်။

KIO ပြည်သူ့စစ်တပ်ဖွဲ့များကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖွဲ့စည်းထားပြီး လူအင်အား ၇ဝဝဝ နီးပါးရှိကာ၊ KIA တပ်ရင်း ၁၅ ခု ရှိကြောင်းနှင့် ကချင်ပြည် လွတ်လပ်ရေးအတွက် KIA တပ်မတော်ကိုသာ အဓိက အသုံးပြုမည်ဖြစ်ပြီး၊ ပြည်သူ့စစ်တပ်ဖွဲ့ကိုမူ အရန်စစ်တပ်အင်အားအတွက် အသုံးပြုမည်ဟု ပြောဆိုကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့သူ KIO အရာရှိက ပြောဆိုသည်။

၂ဝဝ၉ ခုနှစ်မှစ၍ ပြည်သူ့စစ်မဟာဗျူဟာကို စတင်၍ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

ကချင်တမျိုးသားလုံး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်အတွက် KIO သည် ၁၉၆၁ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

Sources- Mizzima http://www.mizzimaburmese.com/news/inside-burma/6944---kio-.html

Monday, February 21, 2011

KIO arrests nearly 1,000 people in anti-drug campaign

Under a wide ranging anti-drug round-up and campaign, the Kachin Independence Organization (KIO) has arrested 981 drug users, according to a KIO officer.

Opium poppy growing in a cultivated field in Tanai Township in southern Kachin State. (Photo: Mizzima)

Opium poppy growing in a cultivated field in Tanai Township in southern Kachin State. (Photo: Mizzima)

The drug eradication campaign started in October and most of those arrested were identified as drug users or traffickers in the age group of 15 to 40, said Captain Naw Bu, a drug campaign spokesman.

He said everyone received lectures, and some people who were labeled as traffickers were fined, in accordance with the quantity of their dealing.

‘We didn’t do anything to harm them physically, and we refrained from taking more serious actions’, he said.

Some people were held over in the anti-drug office in Laizar to help them in their fight against addiction, he said.

People were arrested in areas around Laizar, the 3rd Brigade area, the border area around Mai Ja Yan, Innbapa, the triangle area, and other areas near Phakant, Tanai and Awnglauk.

Moreover, he said the KIO is taking action against 127 drug traffickers. People who were found with raw opium of 1 viss (3.6 lbs) or more were assessed a small fine, he said.

Captain Naw Bu said that most of those arrested as drug traffickers were grass roots people who dealt in small quantities of drugs.

The KIO had reportedly destroyed 6,574 acres (2,660 hectares) of opium fields in Wai Maw and Sadone areas, east of Kachin State. The KIO agreed in principle with the junta’s drug eradication campaign before the junta pushed them to convert their army into a Border Guard Force (BGF). Relations between the regime and KIO were severed in May 2010.

‘We had an agreement with the junta in principle,’ said Captain Naw Bu, refering to the anti-drug campaign.

‘But they sometimes imposed restrictions and harassed us in our campaigns. They restricted our movements and sometimes they said that there were no opium fields in certain areas’, he told Mizzima.

Observers frequently say that some armed groups earn money from opium growing and trafficking and use the drug money for procurement of arms and ammunitions for their cause.

However, Captain Naw Bu said that the KIO absolutely did not grow opium or use money from drugs to buy arms. He said the KIO adopted its anti-drug policy at its inception in 1964, but it could not implement it forcefully and efficiently as it had to wage an armed struggle against the junta for the Kachin people’s self-determination and human rights.

He said the KIO issued a ‘no opium growing’ ban in 1991 and implemented it by educating opium farmers and destroying opium fields. The drug was eradicated in Naphaw, Lweje on China border, and in some areas in Shan State, he said, and drug substitution crops such as sugarcane and paddy have succeeded in some areas.

He said a drug eradication campaign can be achieved successfully only if all people join in the campaign and the international community also provides assistance.

Captain Naw Bu said Kachin families are increasingly abusing narcotics, and many young people are infected with drug-related diseases.

The KIO drug eradication plan is done out of a sense of responsibility, he said, not because of the junta or international pressure.

‘We do this because of our own conscience’, he said. ‘We do this job because this is a national cause’.

The KIO started its armed struggle against the central government in 1961, fighting for its goals of autonomy and equality.

Sources- Mizzima-http://www.mizzima.com/news/inside-burma/4908-kio-arrests-nearly-1000-people-in-anti-drug-campaign-.html

Sunday, February 20, 2011

အပျို၊အပျိုစစ်နှင့် အပျိုစင်.......

အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။

ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။

ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။

ပြီးခဲ့သော ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်...။

ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။

အပျို .......

အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။

အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...။

အပျိုစစ်.......

အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။

အပျိုစင်.......

အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။

~~`~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~~

အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။

ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။

ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။

ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။

ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “မေ့” ညီမတွေ ကြိုးစားကြပါ...။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူမည့်သူ မဟုတ်ပါဘူး...။

“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။

စာရေးဆရာမ- မေသဇင်-

Saturday, February 19, 2011

မြန်မာ့စကားပုံတစ်မျိုးဖြစ်တဲ့ "အရွက်မှာ လက်ဖက်"

လက်ဖက်ဆိုတာ ကျွန်တော်တို့ ရင်းနှီးနေပြီးသား၊ သိရှိပြီးသားပါ။ သူ့ရဲ့ အသုံးဝင်မှုကတော့ များပြားလှပါတယ်။ လက်ဖက်ရည်ချို၊ ရေနွေးကြမ်း၊ အချို့ဒေသ အခေါ်အဝေါ် အခါးရေကြမ်းနှင့် လက်ဖက်သုပ်စားသုံးမှု၊ သောက်သုံးမှု တွေကလည်း မြန်မာတို့ရဲ့ နေ့စဉ် လူနေမှုဘ၀မှာ အရေးပါလှပါတယ်။ တစ်ခါစိုက်ပျိုးရင် နှစ်ရှည်အကျိုးခံစားခွင့် ရှိသလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုပါတယ်။

လက်ဖက်စတင်သုံးစွဲမှုနှင့် ပတ်သတ်တဲ့ ရာဇ၀င် (Legend) တွေကလည်း အများကြီး ရှိလှပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့ဘက်မှာ ရှိတဲ့ တရုတ်နိုင်ငံမှာတော့ ရှေးခေတ် ရှင်ဘုရင်တစ်ပါးတောလည်ထွက်ရင်း လက်ဖက်ပင်အောက်မှာ ရေနွေးအိုးတည်ထားစဉ် လက်ဖက်ရွက်ခြောက်ကြွေကျကာ ရေနွေးအိုးထဲ ၀င်သွားပြီးနောက် ထိုရေနွေးကို ဘုရင်သောက်မိရာမှ တစ်မူထူးခြားသော အရသာကို သတိထားမိခဲ့ပါတယ်။ ထိုအချိန်မှစ၍ ရေနွေးတွင် လက်ဖက်ခြောက်ရွက်ခတ်သောက်သော ဓလေ့စတင်ခဲ့သည်ဟု ပြောဆိုရေးသားကြပါတယ်။

နောက်ပုံပမာတစ်ခုကတော့ အိန္ဒိယနိုင်ငံမှာ တရားကျင့်တဲ့ ရဟန်းတစ်ပါးက တရားကျင့်ကြံအားထုတ်နေစဉ် အိပ်ငိုက်လာသဖြင့် အိပ်ချင်ပြေစေရန် အနီးရှိ သစ်ရွက်ကို လှမ်းယူ၍ ၀ါးမိရာမှ အိပ်ချင်ပြေသွားသဖြင့် တရားကို ဆက်လက် အားထုတ်နိုင်ခဲ့တာက အစပြုလို့ လက်ဖက်စားသုံးမှု စတင်ခဲ့တယ်လို့ ဆိုစမှတ် ပြုကြပြန်ပါသေးတယ်မြန်မာနိုင်ငံမှာ လက်ဖက်စားသုံးမှုနှင့် ရေနွေးကြမ်းသောက်သုံးမှု ဘယ်အချိန်က စတင်ခဲ့တယ်လို့ မသိရပေမယ့် ရှေးမြန်မာမင်းများ လက်ထက်တွင် လက်ဖက်ပွဲတော်တည်သည့် အကြောင်းကိုတော့ ဖတ်ရဖူးပါတယ်။

ကမ္ဘာမှာ လက်ဖက်စိုက်ပျိုးတဲ့ နိုင်ငံများများ မရှိပါဘူး၊ လက်ဖက်စိုက်ပျိုးတဲ့ နိုင်ငံများကတော့ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာ၊ ကိုးရီးယား၊ ဂျပန်၊ လာအို၊ ဗီယက်နမ်တို့ ဖြစ်ကြပါတယ်။ လက်ဖက်စိုက်ပျိုးပြီး ပြည်ပသို့ စီးပွားဖြစ်တင်ပို့ ရောင်းချနေသော နိုင်ငံတွေကတော့ အလွန်နည်းပါတယ်။ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ လက်ဖက်ထွက်ရှိမှုနှင့် အတူ လက်ဖက်သုံးစွဲမှုကလည်း ကမ္ဘာတစ်ဝှမ်းမှာ မြင့်မားလာ နေပါတယ်။ နိုင်ငံတကာမှာတော့ လက်ဖက်သုံးစွဲမှုမှာ အချိုခြောက် (Black tea) နှင့် အကြမ်းခြောက် (Green tea) လို့ နှစ်မျိုးတွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ လက်ဖက်ကို တိုင်းရင်းရိုးရာဆေးအဖြစ်လည်း သုံးစွဲကြပါတယ်။ အိန္ဒိယနိုင်ငံမှာ လက်ဖက်ခြောက်ကို ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောနှော သုံးစွဲလေ့ရှိကြပါတယ်။ ကမ္ဘာမှာ တရုတ်နိုင်ငံကို အကြမ်းခြောက် (Green tea) နှင့် ယှဉ်တွဲ၍ မြင်ကြသလို၊ အိန္ဒိယနိုင်ငံကို အချိုခြောက် (Black tea) နှင့် ယှဉ်တွဲ၍ ရှု့မြင်ကြပါတယ်။ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုမှာတော့ Tea Party က အထင်ကရပါပဲ။

မြန်မာနိုင်ငံမှာ လက်ဖက်စားသုံးမှုက ကမ္ဘာ့နိုင်ငံများနှင့် ကွဲပြားခြားနားလှပါတယ်။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုနှင့်အတူ အချိုခြောက် (Black tea) သုံးစွဲမှု ရှိသလို၊ အကြမ်းခြောက် (Green tea) အခါး ရေနွေးကြမ်းသောက်သုံးမှုလည်း ရှိပါတယ်။ လက်ဖက်စို စားသုံးမှုကလည်း အလွန်ကျယ်ပြန့်ပါတယ်။

မြန်မာနိုင်ငံမှာ အမြင့်ပေ (၆၀၀၀) ၀န်ကျင်ရှိတဲ့ ကုန်းမြင့်ဒေသများမှာ လက်ဖက်စိုက်ပျိုးကြပါတယ်။ သဘာဝလက်ဖက်ပင်များမှာ အမြင့် (၃) ပေ မှ ပေ (၁၀) အထိ မြင့်မားကြပါတယ်။ လူတို့က အခက်အလက်နှင့် အရွက်များ ဝေေ၀ဆာဆာထွက်ရှိစေရန် ခုတ်ထစ်ပြုပြင်ပေးခြင်းဖြစ်လို့ ယနေ့လက်ဖက်ပင်များကို လူတစ်ရပ်သာသာ မြင်တွေ့နေကြရတာဖြစ်ပါတယ်။ လက်ဖက်ရွက်သစ်ဝေချိန်ကတော့ ဧပြီလပါပဲ။ ဧပြီလ သင်္ကြန်မိုးမရွာခင် ခူးဆွတ်ရရှိသော လက်ဖက်ကို အကောင်းစား ရွှေဖီဦး မိုးလွတ်လက်ဖက်ခြောက်ရယ်လို့ တင်စားခေါ်ဆိုကြပြီး မိုးလွတ် လက်ဖက်ခြောက်ကို ဈေးကောင်းပေး၍ ၀ယ်ယူသုံးစွဲကြရပါတယ်။ မြန်မာနိုင်ငံမှာ လက်ဖက်စိုက်ပျိုးသော ဒေသ အများအပြား ရှိပါတယ်။ အထင်ရှားဆုံးလက်ဖက်ထွက်ရှိတဲ့ဒေသမှာ နမ့်ဆန်ဒေသ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ဖက်မြို့တော်ဟု တင်စားခေါ်ခြင်းခံခဲ့ရတဲ့ဒေသလည်းဖြစ်ပါတယ်။ ထိုဒေသမှာထွက်ရှိသော လက်ဖက်ခြောက်တွေဟာ မြန်မာနိုင်ငံမှာ နာမည်ကျော် လူကြိုက်များလှပါတယ်။ အဲဒီနမ့်ဆန်မြို့မှာ တအာင်း(ပလောင်) လူမျိုးတွေ အများဆုံးနေထိုင်လျှက်ရှိပြီး လက်ဖက်ကို မိရိုးဖလားအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်စားသောက်ခဲ့ပါတယ်။ ကျန်တဲ့အခြားထွက်ရှိတဲ့ဒေသတွေ မှာတော့ နမ့်ခမ်းဒေသ၊ ကိုးကန့်ဒေသ၊ ပင်လောင်းဒေသ၊ ကလောအောင်ပန်းဒေသနှင့် ချင်းပြည်နယ်တို့ဖြစ်ပါတယ်။

လက်ဖက်ခြောက်ကို အခြားရနံ့ရှိသောအရာများနှင့် ရောနှော၍လည်း သုံးစွဲလေ့ ရှိကြပါတယ်။ ဥပမာ- ကောက်ညှင်းဆန်နှင့် လက်ဖက်ခြောက်ရော၍ လှော်ထားသော လက်ဖက်ခြောက်ကို ရေနွေးတွင် ခတ်၍ အသုံးပြုပါက မူရင်းလက်ဖက်ခြောက်ရနံ့ မပျက်ယွင်းသလို ကောက်ညှင်းနံ့ တသင်းသင်းနှင့် သောက်ရသူအဖို့ အလွန်အရသာရှိလှပါတယ်။ ကျွန်ုပ်တို့ နိုင်ငံမှာ တောင်ပေါ်၊ မြေပြန့်ပါမကျန် ဒေသမရွေး၊ နေရာမရွေး ဧည့်သည်ကို အိမ်ရှင်က လက်ဖက်ခြောက်ရနံ့မွှေးမြသော ရေနွေးကြမ်းဝိုင်းဖြင့် နွေးထွေးစွာ ဧည့်ခံ၍ လောက၀တ်ပြုတာ ယဉ်ကျေးမှုအစဉ်အလာတစ်ခုပါ။ အခြားသော အနံ့မွေးများဖြင့်လည်း လက်ဖက်ခြောက်ဖြင့် တွဲစပ် အသုံးပြုကြပါတယ်။

လက်ဖက်စိုနှင့် ပတ်သတ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဇယန်းကျေးရွာမှ ထွက်ရှိသော လက်ဖက်စိုကတော့ လူကြိုက်များ နာမည်ကျော်ကြားလှပါတယ်။ ခူးပြီးသား လက်ဖက်ရွက်နုများကို ပီနံအိတ်ထဲသို့ သိပ်ထည့်ပြီး မြေကျင်းထဲမှာ (၈) လ မှ (၁၁) လကြာ ဖိသိပ်ပြီးနောက် လက်ဖက်စို အဖြစ် ထုတ်လုပ်ရောင်းချကြတယ်လို့ သိရပါတယ်။ လက်ဖက်သုပ်ဟာ မြန်မာ့ရိုးရာစားစရာတစ်ခုပါ။ ယခုအခါ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ အကြားမှာ လက်ဖတ်သုပ်ဟာ မြန်မာ့ရိုးရာစားစရာတစ်ခု အဖြစ်လည်း တဖြေးဖြေး ရေပန်းစားလို့ နေပါပြီး လက်ဖက်သုပ်၏ ထူးကဲသော အရသာကိုလည်း စားဖူးသူတိုင်း သိကြတယ် မဟုတ်ပါလား။

ကံဆိုးစွာဖြင့် ၂၀၀၉ ခုနှစ်မှာ လက်ဖက်မှာ ဓါတုဆေးတွေပါဝင်နေတယ်ဆိုပြီး နအဖတွေက အဆင်အခြင်မဲ့၊ ပညာပေးမှုမရှိဘဲ ချက်ချင်း ကုန်သည်တွေဆီကို လက်ဖက်တွေ အတင်းအဓမ္မသိမ်းဆည်းပြီး အရောင်းအ၀ယ်ပိတ်ပင်ခဲ့ပါတယ်။ ဤလုပ်ရပ်ကြောင့် လက်ဖက်ကို အဓိကမှီခိုအားထားလုပ်ကိုင်စားသောက် ကြတဲ့ တအာင်း(ပလောင်) လူမျိုးတွေဟာ ဒုက္ခအတိ ရောက်ခဲ့ရပါတယ်။ မဆီမဆိုင်း ရိုးသားစွာလက်ဖက်ကိုလုပ်ကိုင်စားသောက်ခဲ့ကြတဲ့ လက်ဖက်ခြံပိုင်ရှင်တွေကို အပြစ်ပုံချနေခဲ့တာ အင်မတန်းမှ ၀မ်းနည်းစရာကောင်းလှပါတယ်။

ရေနွေးကြမ်း နေ့စဉ်သောက်သုံးခြင်းဟာ အဆီဓါတ်ကို လျှော့ချပေးပြီး၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါတို့ ကင်းဝေးရေးကိုလည်း အထောက်အကူပြုတယ်လို့ ဆေးသိပ္ပံ ပညာရှင်များက ဆိုပါတယ်။ ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးခြင်းဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုမှာကတော့ အသေအချာပါပဲ။

ကဲ-သူငယ်ချင်းတို့ရေ- လက်ဖက်ကို သုံးဆောင်ဖို့မမေ့ကြနဲ့နော်။